နောက်ဆုံးမိနစ် သွင်းဂိုးများဖြင့် မြန်မာ ယူ-၁၆ အသင်း အိမ်ရှင် ကမ္ဘောဒီးယားကို အနိုင်ရ

winNaingTun

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ National Olympic Stadium တွင် ယနေ့ ဇူလိုင် ၆ ရက်က ယှဉ်ပြိုင် ကစားခဲ့ကြသည့် ကမ္ဘောဒီးယား ယူ-၁၆ အသင်းနှင့် မြန်မာ ယူ-၁၆ အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် မြန်မာယူ-၁၆ အသင်းက လူစားဝင် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ နောက်ဆုံးမိနစ် သွင်းဂိုးများကြောင့် (၂-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပွဲသည် လူငယ်အသင်းများ၏ ခြေစမ်းပွဲစဉ်သာ ဖြစ်သော်လည်း ကမ္ဘောဒီးယား ပရိသတ်များ တစ်ခဲနက် လာရောက် အားပေးခဲ့ကြ သောကြောင့် နိုင်ငံတကာ ပွဲစဉ်ကြီးများ ကဲ့သို့ အကြိတ်အနယ် ရှိခဲ့ကာ စိတ်လှုပ်ရှားဖွယ် အပြည့်ရှိခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယား အသင်း အနေဖြင့်လည်း ထိုင်းနိုင်ငံ ခြေစမ်း ခရီးစဉ်တွင် ထိုင်းကဲ့သို့ တောင့်တင်းသည့် အသင်းကို အနိုင်ရထား ခဲ့သည့် အတွက် ယုံကြည်မှု အပြည့်ဖြင့် အိမ်ခံပရိသတ်များ ရှေ့မှောက်တွင် မြန်မာအသင်းကို မာမာထန်ထန် ရင်ဆိုင်ခဲ့သည်။

ပွဲစစချင်းတွင် လျှင်မြန်သည့် ကမ္ဘောဒီးယား အသင်းကြောင့် မြန်မာအသင်း အခက်တွေ့ခဲ့ရပြီး ဂိုးမပေးရရေး အသည်းအသန် ကာကွယ်ခဲ့ရသည်။ သို့သော် ပွဲချိန် မိနစ် ၂၀ နောက်ပိုင်းတွင်မူ မြန်မာအသင်း ကစားကွက် မိလာခဲ့ပြီး ကမ္ဘောဒီးယားကို အသာစီးဖြင့် ကစားလာနိုင် ခဲ့သည်။ မြန်မာအသင်း တိုက်စစ်မှူးများ၏ အတိုးအလှုပ်များကို ကမ္ဘောဒီးယား ခံစစ် ကစားသမားများ အနေဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သောကြောင့်လည်း မြန်မာအသင်း အနေဖြင့် ဂိုးပေါက် ကန်သွင်း ခြိမ်းခြောက်မှုများ အများအပြား ပြုလုပ်လာနိုင် ခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၂၄ မိနစ်တွင် အသင်းခေါင်းဆောင် ပြည့်စုံနိုင်က ကမ္ဘောဒီးယား ခံစစ်ကြောင်းကို ဖောက်ထွက်ကာ အပိုင်ကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် မြန်မာအသင်း အနေဖြင့် အမှတ်မထင် ဂိုးများ ပေးလိုက်ရသောကြောင့် အခက်တွေ့ခဲ့ရသည်။ ထောင့်ကန်ဘောများမှ တဆင့် မြန်မာကစားသမားများ၏ ဖျက်ထုတ်ပုံ အားနည်းမှုကို အခွင့်ကောင်းယူကာ ပွဲချိန် ၄၇ မိနစ်တွင် ချေပဂိုးနှင့် ပွဲချိန် ၄၉ မိနစ်တွင် ဦးဆောင်ဂိုးများ သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ ချေပဂိုးနှင့် ဦးဆောင်ဂိုးများ ပေးလိုက်ရပြီး နောက်တွင် မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ် အနေဖြင့် ကစားသမားအချို့ကို လူစားလဲကာ ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ရေး အားထုတ်ခဲ့သည်။ ကမ္ဘောဒီးယား အသင်း အနေဖြင့်လည်း ခံစစ် ကစားသမားများကို ထည့်သွင်းကာ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်။

ကမ္ဘောဒီးယား ခံစစ်ကြောင်း အနေဖြင့် မြန်မာ အသင်း၏ တိုက်စစ်ဆင်မှုများကို အကောင်းဆုံး ထိန်းချုပ် ဟန့်တား နိုင်ခဲ့သော်လည်း မြန်မာ ကစားသမားများ အနေဖြင့် နောက်ဆုံး မိနစ်ထိ အစွမ်းကုန် အားထည့် ကစားခဲ့ခြင်းကြောင်း နောက်ဆုံး မိနစ်များတွင် အဖိုးတန် ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးများကို လူစားဝင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပွဲချိန် ၈၉ မိနစ်နှင့် ၉၂ မိနစ်များတွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်း အနေဖြင့် မနက်ဖြန် ဇူလိုင် ၇ ရက်တွင် ပုံမှန်လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်ကာ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်သွားမည် ဖြစ်သည်။ မြန်မာအသင်းသည် အာဆီယံ ယူ-၁၆ အဖွင့်ပွဲစဉ် အဖြစ် သြစတြေးလျ ယူ-၁၆ အသင်းနှင့် လာမည့် ဇူလိုင် ၁၀ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *