၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိ

14525100_766080640197417_4409760379132579980_o

ပုံညွှန်း – ၂၀၁၅ ခုနှစ်က လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အသင်း။ ယင်းအသင်းကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ခဲ့သူ ဇွဲကပင် ကွင်းလယ်လူ ဇင်ဖြိုးအောင်မှာ လက်ရှိတွင် မြန်မာ့လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခြင်း ခံထားရသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ၏ ပြိုင်ပွဲကျင်းပရေး ကော်မတီ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်း ပြုလုပ်မည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ ကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရရှိခဲ့သည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း တက်ရောက် လျှက်ရှိပြီး အစည်းအဝေးအတွင်း ၂၀၁၇ ခုနှစ်၌ အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ပြိုင်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့သည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲသည် ယခင်နှစ်များက နှစ်စဉ်ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို အသွင်ပြောင်းလဲ ကျင်းပခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံခဲ့ရာတွင် စတုတ္ထဆုသာ ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ယင်းပြိုင်ပွဲ၌ ချန်ပီယံတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ စတုတ္ထ လေးကြိမ် ရရှိထားသည်။

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲများမှ တဆင့် အရည်အသွေးမြင့် လူငယ် ကစားသမားများ ထွက်ပေါ်လေ့ရှိရာ ယင်းပြိုင်ပွဲသည် အာဆီယံ ဘောလုံးလောက အတွက် အရေးပါသည့် ပြိုင်ပွဲတစ်ရပ် အဖြစ် ရပ်တည်လျှက် ရှိသည်။

၂၀၁၇ ခုနှစ်အတွက် အခြား ပြိုင်ပွဲများဖြစ်သည့် ဖိတ်ခေါ် ဖူဆယ်ကလပ် ချန်ပီယံရှစ်ကို ထိုင်းနိုင်ငံတွင် လည်းကောင်း၊ ယူ၁၅ အမျိုးသမီး ချန်ပီယံရှစ်ကို လာအိုတွင် လည်းကောင်း၊ အမျိုးသား ယူ၁၅ ချန်ပီယံရှစ်ကို စင်ကာပူ (သို့) ထိုင်း တွင်လည်းကောင်း၊ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ကို ထိုင်းနိုင်ငံတွင် လည်းကောင်း၊ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ကို ဗီယက်နမ်နိုင်ငံတွင် လည်းကောင်း ကျင်းပသွားရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *