မြန်မာနှင့်ထိုင်း ပွဲစဉ်တွင် လက်မှတ်မှောင်ခိုများ၊ ရမ်းကားဆူပူသူ အချို့နှင့် တုတ်/ဓား လက်နက် သယ်ဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းခဲ့

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့်ထိုင်း ပွဲစဉ် မစတင်မီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တာဝန်ရှိသူများသည် လက်မှတ်မှောင်ခိုများနှင့် ရမ်းကားဆူပူသူများ၊ တုတ်ဓားလက်နက် သယ်ဆောင်လာသူများအား စစ်ဆေး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် သုဝဏ္ဏကွင်းပတ်ဝန်းကျင်တွင် လက်မှတ်မှောင်ခို ရောင်းချလျက်ရှိသည့် အမျိုးသား (၅)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၇)ဦးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် Main Gate အ၀င်ပေါက်တွင် အဖြူရောင် Crown ကိုယ်ပိုင်ယာဉ်ဖြင့် တုတ်/ဓား လက်နက်များ သယ်ဆောင်လာကြောင်း သတင်းအရ ရှာဖွေစစ်ဆေးရာ အရိုးအသွား ၁၂ လက်မခန့်ရှိ သစ်သားရိုးတပ် သားရေစွပ် အနက်ရောင်ပါ ဓားဦးချွန် တစ်ချောင်း၊ တိပ်အနက်ရောက်ပတ် ဓားအိမ်တစ်ခု၊ အရိုးအသွား (၈)လက်မခန့်ရှိ ဓားဦးချွန်ခေါက်ဓား တစ်ချောင်း၊ သတ္တုဖြင့် ပြုလုပ်ထားသည့် လေးဂွ(၁)ချောင်း၊ လောက်စာလုံး ၂၉ လုံးပါ ပလက်စတစ်အိတ် (၁)ထုပ် ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါ လူ့အသက်အန္တာရယ် ဖြစ်စေနိုင်သည့် လက်နက်များအား သယ်ဆောင်လာသူ (၆)ဦးကို သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ (ပ)၁၂၆၂/၂၀၁၆၊ လက်နက် ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အလားတူ ဆူပူရမ်းကားသူ (၂၄)ဦးအားလည်း ခေတ္တထိန်း သိမ်းထား ခဲ့ပြီး ဘောလုံးပွဲပြီးဆုံး သည့်နောက် သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်ထွေးမှ တွေ့ဆုံ၍ ဆုံးမစကားပြောကြားပြီး အုပ်ထိန်းသူ/ ခံဝန်သူ (၂)ဦးစီဖြင့် ခံဝန်ပြုလုပ်၍ ခံဝန်သူများထံ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *