မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လေးနှစ်စာ မဟာဗျူဟာ စီမံကိန်းအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

sssss

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ Mr. Eric Abrams က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နောက်လာမည့်လေးနှစ်တာ ကာလအတွင်း ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာများကို ရှင်းလင်းပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ပြုလုပ်ခဲ့သည်။

ထို အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး  (နည်းစနစ်) ဦးတင်မြင့် အောင်နှင့် တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အသီးသီးမှ နည်းပြဆရာများ၊ စာနယ်ဇင်းမီဒီယာ အသီးသီးမှ မီဒီယာ သမားများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “မစ္စတာ အဲရစ်အနေနဲ့ နည်းစနစ် ဒါရိုက်တာအဖြစ် ခန့်အပ်ခံရပြီး သုံးလလောက်အကြာမှာ သူ့ရဲ့ လေးနှစ် စီမံကိန်းကို ရေးဆွဲ တင်ပြနိုင် ခဲ့ပါတယ်။ သူ့ရဲ့ စီမံကိန်းကို အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ အသီးသီးထံ တင်ပြ အတည်ပြုချက် ရယူပြီးတဲ့အခါမှာတော့ အခုလို အများပြည်သူ သိရှိအောင် မီဒီယာများမှတဆင့် မိတ်ဆက် ရှင်းလင်းရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ သူ့ရဲ့ လေးနှစ်စာ စီမံကိန်းကို သေသေချာချာ လေ့လာသုံးသပ်ပြီးတော့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီမယ့် အခြေအနေကို အကြိမ်ကြိမ် စဉ်းစားဆုံးဖြတ် ခဲ့ရပါတယ်။ သူ့ရဲ့ စီမံကိန်းကို အကောင်ထည်ဖော်ဖို့အတွက်လည်း တာဝန်ရှိလာပါတယ်။ နည်းစနစ် ဒါရိုက်တာရဲ့ စီမံကိန်းအတိုင်း အကောင်အထည် ဖော်နိုင်မယ့် နိုင်ငံခြားနည်းပြတွေ၊ Sport Science expert တွေကို ခန့်အပ်ခဲ့ရတာရှိသလို သူ့ရဲ့အစီအစဉ်အတိုင်း ပြည်တွင်းနည်းပြ အချို့ကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် Mr.Eric Abrams က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “မြန်မာနိုင်ငံကိုရောက်တာ သုံးလခွဲအတွင်းမှာ အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးတော့ မြန်မာဘောလုံး တိုးတက်ဖို့အတွက် မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်ရာမှာ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို စီမံကိန်း ရေးဆွဲဖို့ လုပ်ဆောင်တဲ့အခါမှာ အရင်တုန်းက ဘယ်လ်ဂျီယံ၊ သြစတြေးလျမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ မတူတာတွေလည်း တွေ့ခဲ့ရပြီး မနေ့ကမှ အဆုံးသတ် ရေးဆွဲနိုင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီမဟာဗျူဟာ စီမံကိန်းကို မြန်မာ့ဘောလုံး တိုးတက်ဖို့အတွက် ရေးဆွဲခဲ့တာပါ “ဟု ထည့်သွင်းပြောကြားခဲ့ပြီး နောက်လာမည့် လေးနှစ်တာ ကာလအတွင်း ပြုလုပ်မည့် လုပ်ငန်းဆောင်တာများ၊ မြန်မာ့လက်ရွေးစင် အသင်း အသီးသီး၏ မျှော်လင့်ထားသော ရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့သည့်အပြင် မြန်မာ့လက်ရွေးစင် အသင်း အသီးသီးတွင် ခန့်အပ်ထားသည့် နည်းပြဆရာများနှင့် မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော မီဒီယာသမားများက သိလိုသည်များကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ နည်းစနစ်ဒါရိုက်တာ Mr. Eric Abrams နှင့် တွဲဖက် အထွေထွေ အတွင်းရေးမှူး (နည်းစနစ်) ဦးတင်မြင့်အောင်တို့က ပြန်လည် ဖြေကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးဆုံးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *