MNL-2 ရာသီသစ်တွင် ကလပ်အသစ် (၃)သင်း ၀င်ရောက်ယှဉ်ပြိုင်မည်

11209494_804832639613181_1534971375961934390_n

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ နေရှင်နယ်လိဂ် ကော်မတီတို့မှ ကြီးမှူးကျင်းပလျက် ရှိသည့် မြန်မာနေရှင်နယ်လိဂ်-၂ (MNL 2) ပြိုင်ပွဲကို လာမည့် ၂၀၁၆ ရာသီသစ်တွင် ကလပ်အသင်းသစ် (၃)သင်း အပါအ၀င် စုစုပေါင်း (၁၃)သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ နေရှင်နယ်လိဂ်-၂ (MNL 2 ) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် MNL ဌာနသို့ လာရောက်ဆက်သွယ် ဆောင်ရွက်နေသော အသင်းသစ်(၃)သင်းမှာ တက္ကသိုလ် ကစားသမားများကို အခြေခံပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် TTU FC (သန်လျင် နည်းပညာ တက္ကသိုလ်)၊ နာမည်ကျော် သရုပ်ဆောင်နှင့် ဇာတ်မင်းသား ဖိုးချစ် တည်ထောင်ပြီး လက်ရွေးစင်ဟောင်း ဇော်လင်းထွန်း နည်းပြအဖြစ် တာဝန်ယူမည့်  Football Crazy FC (FC FC) အသင်းနှင့် ဆေးတက္ကသိုလ် ကျောင်းသားများ၊ ဆရာဝန်လူငယ်များ၊ လူငယ်ကစားသမားများ ၀င်ရောက် ယှဉ်ပြိုင် ကစားမည့် Doctors & Friends FC (DNF FC) အသင်းတို့ ဖြစ်ကြသည်။

အဆိုပါ အသင်းသစ် (၃)သင်းသည် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲစည်းမျဉ်း သတ်မှတ်ချက်များ၊ စံချိန်စံညွန်းများ အတိုင်း လိုက်နာဆောင်ရွက်ပြီး ကလပ်အသင်း တစ်သင်းတွင် ရှိရမည့် စံနှုန်းများအတိုင်း ပြည့်မီအောင် ဖြည့်စွတ်၍ ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပရေးဌာနသို့ လျှောက်ထားပြီးဖြစ်သည်။

၂၀၁၆ ခုနှစ် MNL 2 ပြိုင်ပွဲကို ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် Ooredoo MNL 2015 မှ တန်းဆင်းအသင်း (၂)သင်း၊ မောရ၀တီ ၊ မြ၀တီ၊ တက္ကသိုလ်များ၊ Best United၊ ငွေကြယ်ပွင့်လေးများ၊ ဖုန်ကန်အက်ဖ်စီ၊ GFA၊ ဒဂုံအက်ဖ်စီနှင့် ယခု အသင်းသစ် (၃)သင်း၊ စုစုပေါင်း (၁၃)သင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ MNL-2  ၂၀၁၆ ခုနှစ် ပြိုင်ပွဲအား လာမည့် လာမည့် ဇန်န၀ါရီလ ဒုတိယအပတ်အတွင်း ကျင်းပသွားရန် မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *