2014 MFF MTC Futsal လိဂ် ဖွင့်ပွဲ အခမ်းအနား NIS-2 တွင် ကျင်းပ

fustel

Mother Trading and Construction Co.,LTD မှ Title Sponsor အဖြစ် ပံ့ပိုးကူညီပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) မှ ကြီးမှူးကျင်းပသည့် 2014 MFF MTC ဖူဆယ်လ် လိဂ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက်(၇း၃၀) နာရီတွင် လှိုင်မြို့နယ်၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၂) (NIS-2) ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ MFF တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MFF ညွှန်ကြားရေးမှူး (စီမံ) ဦးစိုးမိုးကျော် နှင့် MFF ဌာန အသီးသီးမှ သက်ဆိုင်ရာ ဒါရိုက်တာများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော် မှ အခမ်းအနား အဖွင့် အမှာစကား ပြောကြားရာတွင် ဖူဆယ်လ် အားကစား ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဖူဆယ်လ် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနေဖို့ လိုအပ်ကြောင်း၊ ဖူဆယ်လ် ကစားသမား များအနေဖြင့် အာရှအဆင့် ဖူဆယ်လ်ပြိုင်ပွဲ များတွင် အောင်မြင်မှု ရရန် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် အပြင်းအထန် ကစားကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ယင်းအပြီးတွင် MFF ဥက္ကဋ္ဌ မှ ဖူဆယ်လ်လိဂ် အသင်းများမှ ကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

fustel1

ယင်းနောက် နံနက် (၈) နာရီတွင် လိဂ်ပြိုင်ပွဲ အဖွင့် ပွဲစဉ်ဖြစ်သည့် လှိုင် အက်ဖ်စီ အသင်းနှင့် အလုံ အက်ဖ်စီ အသင်းတို့ယှဉ်ပြိုင် ကစားခဲ့ရာ အလုံ အက်ဖ်စီ အသင်းက လှိုင်အက်ဖ်စီ အသင်းကို (၆) ဂိုး (၀) ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါ ဖူဆယ်လိဂ် ပြိုင်ပွဲအား ပထမ အကျော့နှင့် ဒုတိယ အကျော့ နှစ်ကျော့ ခွဲပြီး ကျင်းပသွားမည် ဖြစ်ပြီး လိဂ် ပထမဆုရ အသင်းမှာ ရွှေတံဆိပ်နှင့် ဆုကြေးငွေ ကျပ် သိန်း (၅၀)၊ ဒုတိယဆုရ အသင်းမှာ ငွေတံဆိပ်ဆုနှင့် ကျပ်သိန်း (၃၀)၊ တတိယဆုရ အသင်းမှာ ကြေးတံဆိပ်နှင့် ကျပ်သိန်း (၂၀)၊ စတုတ္ထဆုရ အသင်းမှာ ဆုကြေးငွေ ကျပ် (၁၀) သိန်း၊ အသန့်ရှင်းဆုံးဆုရ အသင်းမှာ ဆုကြေးငွေ ကျပ် (၇) သိန်း၊ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆု နှင့် ဂိုးသွင်းအများဆုံး ကစားသမားဆု များအတွက်  ဆုကြေးငွေ ကျပ် (၃) သိန်းစီ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။

အဆိုပါ  ဖူဆယ်လ်လိဂ် ပြိုင်ပွဲတွင် အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကာ ကွင်းဝင်ကြေးအဖြစ် လက်မှတ်တစ်စောင် (၅၀၀) ကျပ်နှုန်းဖြင့် တစ်နေ့တာ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အားလုံးကို ကြည့်ရှုအားပေးနိုင်မည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *