Horizon ကို အသည်းအသန် ကစားပြီး သရေတစ်မှတ် ခွဲယူခဲ့ရသည့် မကွေး

HorvsMag-715x400

ဇန်နဝါရီ ၃၁၊ ညနေ ၄း၀၀ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် Horizon အသင်းနှင့် မကွေး အသင်းတို့၏ ပွဲစဉ်မှာ တစ်ဘက် တစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။ မကွေး အသင်း အနေဖြင့် ပထမပိုင်း နောက်ဆုံး မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့သော်လည်း Horizon က ဒုတိယပိုင်းတွင် ချေပဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့သည်။

ယခုပွဲတွင် Horizon အသင်း အနေဖြင့် အထူးပင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းကြီး တစ်သင်း ဖြစ်သည့် မကွေး အသင်းကို ဘောလုံးပိုင်ဆိုင်မှုတွင် သာမက ခြေစွမ်းပိုင်းတွင်ပါ အသာစီး ကစားနိုင်ခဲ့သည်။ အနီးကပ် အတိုပေး တွဲလုံးများ အပြင် တစ်ဦးချင်း တိုးအားများဖြင့်ပါ ထိုးဖောက်ခဲ့သည့် Horizon ၏ တိုက်စစ်ကို မကွေးအသင်း ခံစစ်ကြောင်း အနေဖြင့် ပွဲချိန် တစ်လျှောက် အထူးပင် သတိထား ကာကွယ် ခဲ့ရသည်။ ထို့ကြောင့် မကွေးအသင်းမှာ ပထမပိုင်း ပြီးဆုံးသည်အထိ ဂိုးကန်သွင်းခွင့် တစ်ကြိမ်သာ ရရှိ ခဲ့သည်။ Horizon မှာမူ ပွဲချိန် မိနစ် ၃၀ အတွင်း မကွေးအသင်း ဂိုးပေါက်ကို လေးကြိမ်ထိ ခြိမ်းခြောက် နိုင်ခဲ့ပြီး ဂိုးဘားကို တစ်ကြိမ် ထိခဲ့ ကာ ဂိုးရရှိရန် အထူးပင် နီးစပ်ခဲ့သည်။ ယင်းကဲ့သို့ Horizon အသင်းက ဖိကစား နိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးကိုမူ မကွေး အသင်းက ရရှိခဲ့သည်။ ပထမပိုင်းအတွက် မကွေးအသင်း၏ တစ်ကြိမ်တည်းသော ဂိုးပေါက် ကန်သွင်းမှုမှ နိုင်နိုင်ကျော်က သွင်း ယူပေး ခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း ပြန်စချိန်တွင် Horizon အသင်းက ဧရာဝတီနှင့် မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး စိုးကျော်ကျော်ကို ထည့်သွင်းကာ တိုက်စစ်မြှင့် ခဲ့သည်။ မကွေးအသင်း အနေဖြင့်လည်း ဒုတိယပိုင်းတွင် Horizon အပေါ် အပြန်အလှန် ကစားလာနိုင် ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက် မှုများလည်း ပြုလုပ်လာ နိုင်သည်။ Horizon အနေဖြင့်လည်း ပထမပိုင်းက ကဲ့သို့ပင် ဂိုးပေါက် ခြိမ်းခြောက်မှုများ ဆက်လက် ပြုလုပ် နိုင်ခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၆၂ မိနစ် အရောက်တွင် Horizon အသင်း ချေပဂိုး ရရှိခဲ့သည်။ ယင်းဂိုးကို တိုက်စစ်မှူး ဂျိုးဆက်က ဧရိယာ အတွင်း အသင်းဖော်တစ်ဦး ခေါင်းတိုက် ချပေးသည်ကို ရင်ဘတ်ဖြင့် ထိန်းကာ အပြင်း ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ လက်ကျန် မိနစ်များတွင် နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့သောကြောင့် ပွဲကောင်း တစ်ပွဲဖြစ်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း အပြန်အလှန် ရရှိခဲ့သည်။ နန္ဒကျော်၏ ပြစ်ဒဏ်ဘော ကန်သွင်းချက် ဂိုးရရန် နီးစပ်ခဲ့သလို Horizon မှ ဂျိုးဆက်၏ နောက်ဆုံး မိနစ် ခေါင်းတိုက်ချက် မှာလည်း ဂိုးဝင်ရန် နီးစပ်ခဲ့သည်။ သို့သော် ပွဲပြီးသည် အထိ နှစ်သင်းလုံး ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိသောကြောင့် သရေ ရလဒ်ဖြင့် သာ အဆုံးသတ်ခဲ့ ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *