Horizon ကို ဂိုးပြတ် အနိုင်ရကာ ရတနာပုံကို ဆက်လက် ဖိအားပေးသည့် ဟံသာဝတီ

Han-Hor-715x400

ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ၏ ပွဲစဉ်တစ်ပွဲဖြစ်သော ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် Horizon အသင်းတို့၏ ပွဲစဉ်တွင် ဟံသာဝတီ ယူနိုက်တက် အသင်းက ပွဲချိန်တစ်လျှောက် ခြေစွမ်း အသာစီးဖြင့် ကစားကာ (၃-၀) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ရတနာပုံကို ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဆက်လက် ဖိအားပေး နိုင်ခဲ့သည်။

ယခုပွဲတွင် ခြေစွမ်းပြကာ နိုင်ပွဲဆက် နေသည့် ဟံသာဝတီ အနေဖြင့် Horizon အပေါ် ပွဲချိန် အတော်များများတွင် ဖိကစားနိုင်ခဲ့ပြီး Horizon အသင်းမှာ တစ်ချက်တစ်ချက်မှသာ ပြန်လှန် ထိုးဖောက် ကစားနိုင်ခဲ့သည်။ ဟံသာဝတီ အသင်း ဦးဆောင်ဂိုး မသွင်းနိုင်ခင် အထိ ဂိုးပေါက် ကန်သွင်းခွင့်မှာ တစ်သင်းနှင့် တစ်သင်း အသာရခဲ့ခြင်း မရှိသော်လည်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး နောက်တွင် ဟံသာဝတီက သိသိသာသာ အသာစီး ရသွားခဲ့သည်။ ယခုပွဲတွင် ဟံသာဝတီ အတွက် နစ်နာမှု တစ်ရပ်မှာ အဓိက တိုက်စစ် ကစားသမား မောင်မောင်လွင်ကို ဒဏ်ရာကြောင့် လူစားလဲ ခဲ့ရခြင်း ဖြစ်သည်။

ဟံသာဝတီ OG ဖြင့် ဦးဆောင်

ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနေခဲ့သည့် ဟံသာဝတီ အသင်းသည် ပွဲချိန် ၃၂ မိနစ် အရောက်တွင် ဦးဆောင်ဂိုး ရရှိခဲ့သည်။ သို့သော် ယင်းဂိုးမှာ ဟံသာဝတီ ကစားသမားများ သွင်းယူခဲ့ခြင်း မဟုတ်ဘဲ Horizon နောက်ခံလူ နိုင်ရဲအောင်က ကိုယ့်ဂိုးကိုယ် သွင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုဂိုးကို ယခုပွဲတွင် ခြေစွမ်းပြ ခဲ့သည့် မောင်မောင်လွင်၏ ဖြတ်တင်ပေးမှုမှ ရရှိခဲ့ခြင်း ဖြစ်သည်။

အိုင်ဗန် ခြေစွမ်းပြသည့် ဒုတိယပိုင်း

ဒုတိယပိုင်း ပြန်စစချင်း မှာပင် Horizon ခံစစ်အငိုက်ကို အခွင့်ကောင်း ယူကာ ဟံသာဝတီ တိုက်စစ်မှူး အိုင်ဗန်က ဘန်ဘာ၏ ဖန်တီးပေးမှုမှ ဂိုးသမားနှင့် တစ်ဦးခြင်း အတွေ့တွင် အပိုင်ကန်သွင်းကာ ဒုတိယဂိုး ရယူပေးခဲ့သည်။ ဟံသာဝတီ အတွက် တတိယဂိုးကို အိုင်ဗန်၏ ဖန်တီးပေးမှုမှပင် ဘန်ဘာက ပွဲချိန် ၈၂ မိနစ် အရောက်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

Horizon အနေဖြင့် ဒုတိယပိုင်းတွင် ချေပဂိုးများ ပြန်လည် ရရှိရေးအတွက် အပြင်းအထန် ကြိုးစားခဲ့သော်လည်း တိုက်စစ်ပိုင်း အချိတ်အဆက် လွဲနေခြင်း၊ ဟံသာဝတီ ခံစစ်သမားများ ခြေစွမ်းပြခဲ့ခြင်း တို့ကြောင့် ချေပဂိုး ရခဲ့ခြင်း မရှိဘဲ ပွဲအပြီးတွင် အရှုံးနှင့် ရင်ဆိုင် ခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *