မြန်မာ့ လက်ရွေးစင် အသင်းနှင့် ယူ၂၁ အသင်း ပဏာမ ကစားသမားစာရင်း နည်းပြချုပ်များထုတ်ပြန်

The MFF » latest news » မြန်မာ့ လက်ရွေးစင် အသင်းနှင့် ယူ၂၁ အသင်း ပဏာမ ကစားသမားစာရင်း နည်းပြချုပ်များထုတ်ပြန်

March 10, 2020 / By Admin

မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနှင့် အမျိုးသား ယူ၂၁ အသင်းတို့သည် လာမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ရာ ပဏာမ ကစားသမား စာရင်းအား အသီးသီး ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် ပဏာမ ကစားသမား စုစုပေါင်း (၂၃)ဦး ရွေးချယ်ထားပြီး မတ်လ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့ CITY STAR HOTEL တွင် စခန်းသွင်း၍ လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ပြည်ပလိဂ်များတွင် သွားရောက် ကစားနေသည့် ကစားသမားများ အနေဖြင့် ယင်းတို့ ကလပ်အသင်းများနှင့် ပူးတွဲလေ့ကျင့်နေခြင်း၊ လက်ရှိ အခြေအနေတွင် ခရီးသွားလာရေး အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ယခု ခေါ်ယူလိုက်သည့် စာရင်းတွင် ယာယီအားဖြင့် ပါဝင်လာနိုင်ခြင်း မရှိသေးပေ။ မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် ဖီဖာ ကမ္ဘာ့ဖလားနှင့် အာရှခြေစစ်ပွဲတို့ကို မတ်လ ၂၆ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ယှဉ်ပြိုင်ကစားရန် ရှိသော်လည်း ဖြစ်ပေါ်နေသည့် COVID 19 Virus အခြေအနေအရ FIFA နှင့် AFC တို့လမ်းညွှန်ချက်အတိုင်းပွဲရွှေ့ဆိုင်းရမည်ဖြစ်၍ ပုံမှန်လေ့ကျင့်မှုများသာ ပြုလုပ်သွားမည် ဖြစ်သည်။

အလားတူ ၂၀၂၁ ဆီးဂိမ်းစ်နှင့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးအတွက် ကြိုတင်ပြင်ဆင်သွားမည့် မြန်မာ ယူ၂၁ အသင်း ပဏာမ ကစားသမား စာရင်းကိုလည်း နည်းပြချုပ် ပိုပေါ့က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ ပိုပေါ့၏ ပဏာမ စာရင်းတွင် ကစားသမား ၂၅ ဦးပါဝင်လာပြီး မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ YTC ကွင်း လက်ရွေးစင် အသင်းအဆောင်တွင် နေထိုင်လေ့ကျင့်သွားမည် ဖြစ်သည်။ လက်ရွေးစင်အသင်းများ အဆောင်ကိုလည်း မွမ်းမံပြင်ဆင်၍ လိုအပ်သည့်အသုံးအဆောင်များ ဖြည့်ဆည်းထားပြီး ဖြစ်ရာ ယူ ၂၁ အသင်း အနေဖြင့် လေ့ကျင့်ရေးကွင်းသို့ လွယ်ကူစွာ သွားလာလေ့ကျင့် နိုင်မည်ဖြစ်သည်။