ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲအတွက် KBZ Bank မှ Title စပွန်ဆာ ပေးအပ်

The MFF » latest news » ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲအတွက် KBZ Bank မှ Title စပွန်ဆာ ပေးအပ်

August 18, 2016 / By Admin

လာမည့် သြဂုတ် ၂၂ မှ ၂၈ ရက်ထိ မန္တလေးမြို့ မန္တလာသီရိကွင်းကြီးတွင် ကျင်းပသွားမည့် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အတွက် Title စပွန်ဆာ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။ ယင်းပြိုင်ပွဲ၏ Title စပွန်ဆာ အဖြစ် ကမ္ဘောဇ ဘဏ်မှ တာဝန်ယူမည် ဖြစ်ရာ ပြိုင်ပွဲ၏ အမည်ကို KBZ Bank U19 Cup 2016 အဖြစ် ခေါ်တွင်သွားမည် ဖြစ်သည်။

ယင်းအခမ်းအနားသို့ ကမ္ဘောဇဘဏ်မှ Managing Director ဦးမိုးဆန်းအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တွဲဘက် အထွေထွေ အတွင်းရေးမှူးနှင့် နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် ကမ္ဘောဇဘဏ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။

13975465_734698433335638_837910482300522943_o

ကမ္ဘောဇဘဏ် MD ဦးမိုးဆန်းအောင်နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်တို့ စပွန်ဆာ စာချုပ်များ အပြန်အလှန် လဲလှယ်နေစဉ်။

ကမ္ဘောဇဘဏ် အနေဖြင့် ယခုပြိုင်ပွဲသာ မက လာမည့် နှစ်တွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ယူ-၂၃ အသင်း ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေး ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာ ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲ တစ်ရပ်ကိုလည်း Title စပွန်ဆာ အဖြစ် ပံ့ပိုးကူညီ ပေးသွားရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် ယခုကျင်းပမည့် KBZ Bank U19 Cup 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲအတွက် ငွေကျပ် သိန်း ၁၀၀၀၊ လာမည့် ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ယူ-၂၃ ဖိတ်ခေါ် ပြိုင်ပွဲ အတွက် ငွေကျပ် သိန်း ၃၀၀၀ ပံ့ပိုးရန် သဘောတူညီ ခဲ့ခြင်း ဖြစ်သည်။

KBZ Bank U19 Cup 2016 ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲကို စက်တင်ဘာလအတွင်း ဗီယက်နမ် နိုင်ငံတွင် ကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေး အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပြီး အိမ်ရှင် မြန်မာ ယူ-၁၉ အသင်းအပြင်၊ ဗီယက်နမ် ယူ-၁၉အသင်း၊ ထိုင်း ယူ-၁၉ အသင်းနှင့် ဂျပန်ကလပ် ဆာပေါ်ရို ယူ-၁၈ အသင်းများ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။  ပြိုင်ပွဲတွင် ချန်ပီယံအသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၁၅၀၀၀၊ ဒုတိယဆုရ အသင်းအား ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၁၀၀၀၀၊ တတိယဆုရ အသင်းအား ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *