အိမ်ရှင်ဖိလစ်ပိုင်အသင်းကို အနိုင်ရကာ တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

The MFF » Latest Activities » အိမ်ရှင်ဖိလစ်ပိုင်အသင်းကို အနိုင်ရကာ တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

December 8, 2019 / By Admin

အကြိမ် (၃၀)မြောက် အရှေ့တော်အာရှ အားကစားပြိုင်ပွဲ (အမျိုးသမီးဘောလုံး) တတိယနေရာလုပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ် က အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ‌ Rizal Memoria ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိကာ တတိယဆုကို ရရှိခဲ့သည်။

အိမ်ရှင်ဖိလစ်ပိုင်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၅၇မိနစ်တွင် ကျောနံပါတ် ၁၀ မှသွင်းယူပေးခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ဂျူလိုင်ကျော်က ပွဲချိန် ၇၇မိနစ်၊ အနိုင်ဂိုးကို ရီရီဦး က ၇၉မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ပွဲမှာ အနိုင်ရခဲ့ပေမယ့် ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပါတယ်။ ဖိလစ်ပိုင်အသင်းက ဒီပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေလည်းအများကြီးလုပ်ထားတဲ့အသင်းဖြစ်သလို တကယ်ကို တိုးတက်ကောင်းမွန်လာတဲ့အသင်းပါ။ ကစားသမားတွေအားလုံး အစွမ်းကုန်ကြိုးစားခဲ့လို အခုလို တတိယဆုကိုရရှိခဲ့တာပါ။ အကောင်းဆုံးကြိုးစားခဲ့ကြတဲ့ အသင်းသားတွေကို ကျေးဇူးတင်ပါတယ်။ ဒီတတိယဆုရရှိအောင် နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့တဲ့ ဘယ်သူ့ကိုမဆို ကျေးဇူးတင်ပါတယ်” ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြမည့် ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ ပွဲစဉ်အပြီးတွင် ဆုပေးပွဲအခမ်းအနားကိုတက်ရောက်မည်ဖြစ်ပြီး ဒီဇင်ဘာ ၉ရက်နေ့ နံနက်ပိုင်းတွင် မနီလာမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။