January 6, 2021 / By Admin
ယခုနှစ်အတွင်း ကျင်းပသွားမည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌနှင့် MNLကလပ်အသင်းပိုင်ရှင်/ဥက္ကဌများပါဝင်သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးကို Video Conferencing ဖြင့် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဌ၊ MNL ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ဆပ်ကော်မတီ ဥက္ကဌနှင့် ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ MNL1နှင့် MNL2 ကလပ်များမှ အသင်းပိုင်ရှင်/ဥက္ကဌများဖြစ်သည့် ဦးပြည့်ဖြိုးတေဇ(YUFC)၊ ဦးခွန်နောင်မြင့်ဝေ (SUFC)၊ ဦးမင်းလှိုင်(AUFC)၊ ဦးဇော်မင်းသိန်း(RUFC)၊ ဦးချစ်မျိုးထိုက်(SGUFC)၊ ဦးကျော်ဦး(ISPE FC)၊ ဦးထောင်ထာထန်း(Chinland FC)၊ ဦးသူရမျိုးတင်(MWDFC)၊ ဦးဝမ်စိန်(MYWDFC)၊ ဒေါက်တာသောင်းထိုက်(University FC)၊ ဦးအောင်စိုးမိုး(Silver Stars FC)၊ ဦးဒီးဒန်(KUFC)၊ ဦးစိန်ထွေး(YMFC)၊ ဦးခင်မောင်စိုး(ဒဂုံအက်ဖ်စီ)နှင့် ကလပ်အသင်းCEO/GM များ၊ MFF GS ဦးကိုကိုသိန်း၊ MNL CEO၊ COO နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် ရုန်းကန်နေရချိန်တွင် အခက်အခဲပေါင်းမြောက်များစွာကြားက ဘောလုံးနှင့်နိူင်ငံအပေါ်ချစ်သည့်စိတ်များဖြင့် ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်ပေးကြသည့် M-1၊ M-2 ကလပ်အသင်းအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ရအောင်သွားမည်ဆိုသည့်စိတ်ဖြင့် လုပ်ဆောင်ပေးနေကြသည့်အတွက်လည်း ဝမ်းသာပါကြောင်း၊ ယင်းအကျိုးကျေးဇူးကြောင့်ပင် ဘောလုံးလောကမှ ပုဂ္ဂိုလ်များ၏ စားဝတ်နေရေးနှင့် ဘဝရပ်တည်မှုများစွာကို ထောက်ပံ့ပေးထားနိုင်သည့်အပြင် ညီညီညွတ်ညွတ်ဖြင့် ရှေ့ဆက်လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ဂုဏ်ယူစရာပင်ဖြစ်ပါကြောင်း၊ အမျိုးသမီးလိဂ်ဘောလုံးပြိုင်ပွဲအတွက်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ထောက်ပံ့မှုအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ပိုမိုထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘောလုံးလောကတိုးတက်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍတစ်ခုဆက်လက်ရှင်သန်ရပ်တည်နိုင်စေရန် အတူတကွ ရုန်းကန်ကြိုးစားပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ် ဘဏ္ဍာရေးနှင့်ဈေးကွက်ရှာဖွေရေးဆပ်ကော်မတီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြီးခဲ့သည့် ၂၀၂၀ ဘောလုံးရာသီအတွက် ငွေစာရင်းရှင်းတမ်းနှင့် လာမည့်ရာသီအတွက် ဘဏ္ဍာရေး အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး လာမည့် ၂၀၂၁ ရာသီတွင်လည်း MNL ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားနိုင်မည့် အခြေအနေများ၊ အသင်းများသို့ Subsidy ခွဲဝေပေးရန် အကြမ်းဖျဉ်းလျာထားမှုများနှင့် FIFA မှ ကလပ်အသင်းအများတွက် ကိုဗစ်ကာလထောက်ပံ့ကြေးသဘောမျိုး ရရှိနိူင်မည့်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်မှ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ လက်ရှိအခြေအနေများ၊ နုတ်ထွက်သွားသည့် အသင်းအရေအတွက်နှင့် MNL2 တွင်ပါဝင်ယှဉ်ပြိုင်ခွင့်ပြုရန် အသင်း(၂)သင်းလျှောက်ထားလာမှု၊ လာမည့်ရာသီတွင် ကျင်းပရန် လျာထားသည့်ပြိုင်ပွဲများနှင့် ကျင်းပရန်လျာထားသည့်ကာလများ၊ တန်းဆင်း/တက်ကိစ္စများကို လိဂ်ကော်မတီက ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးရန် ရှင်းလင်းတင်ပြခဲ့ရာ လိဂ်ကော်မတီ ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် ကော်မတီဝင် ကလပ်အသင်းပိုင်ရှင်/ဥက္ကဌများက ဝိုင်းဝန်းဆွေးနွေးအတည်ပြုဆုံးဖြတ်ပေးခဲ့သည်။
အစည်းအဝေးတွင် တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်အတည်ပြုချက်အရ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်နေမည့် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေအပေါ် မူတည်ကာ 2021 MPT MNL-1 အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ဧပြီလမှ စက်တင်ဘာလအတွင်း ကျင်းပသွားရန်လျာထားသတ်မှတ်ခဲ့ပြီး ပထမအကျော့ပြိုင်ပွဲကို ရန်ကုန်မြို့၌သာ အခြေပြုကျင်းပသွားရန်နှင့် ဒုတိယအကျော့ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေပေါ်မူတည်ကာ အိမ်ကွင်း၊အဝေးကွင်းပုံစံဖြင့် ကျင်းပသွားရန် ဆုံးဖြတ်အတည်ပြုခဲ့သည်။
ထို့အတူ 2021 MPT MNL 2 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလမှ သြဂုတ်လအထိ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာလအထိ လည်းကောင်း၊ အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊ လူငယ်လိဂ် (ယူ-၂၁) ပြိုင်ပွဲကို မေလမှ နိုဝင်ဘာလအထိလည်းကောင်း ကျင်းပပြုလုပ်သွားရန် လျာထားသတ်မှတ်ခဲ့သည်။
၂၀၂၁ ခုနှစ်ရာသီတွင် MPT MNL 1 ၌ ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ ရခိုင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်၊ ISPE FCတို့အပါအဝင် MNL Regulations အရ တန်းတက်ခွင့်ရခဲ့သည့် ချင်းလန်းအက်ဖ်စီနှင့် မြဝတီအက်ဖ်စီအသင်း စုစုပေါင်း ပြိုင်ပွဲဝင် (၁၀)သင်းဖြင့် ကျင်းပသွားရန်အတည်ပြုဆုံးဖြတ်ခဲ့ပြီး MNL2 ပြိုင်ပွဲကို MNL2တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုရန် ပြန်လည်လျှောက်ထားလာသည့် ဒဂုံအက်ဖ်စီအသင်းနှင့် အသင်းသစ်တစ်သင်းအပါအဝင် စုစုပေါင်း ပြိုင်ပွဲဝင် (၈) သင်းဖြင့် ကျင်းပသွားရန် ဆုံးဖြတ်အတည်ပြုခဲ့သည်။