ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာယူ ၁၉ အသင်း

The MFF » Men U-19 » ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာယူ ၁၉ အသင်း

ဇူလိုင် 6, 2018 / By Admin

 

၂၀၁၈ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်တစ်ပွဲအဖြစ် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့  ဂျိုကိုဆာမူဒရိုကွင်း၌ ယနေ့  ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄-၁ ဂိုး ရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် တီမောအသင်းနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်မှ လူစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပွဲစကတည်းက ကမ္ဘောဒီးယားဘက်ကို တိုက်စစ်ဆင်ကစားခဲ့သည်။ ယနေ့ပွဲစဉ်တွင်  မြန်မာအသင်းအနေဖြင့် ပင်နယ်တီကန်သွင်းခွင့်အပါအ၀င် အခွင့်အရေးအမြောက်အများ ရရှိခဲ့သော်လည်း လွဲချော်ခဲ့သောကြောင့် ယခုရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းအတွက် ဂိုးများကို ၂၃၊ ၅၂ မိနစ်များတွင် ၀င်းနိုင်ထွန်း၊ ၇၅၊ ၈၈ မိနစ်များတွင် မြတ်ကောင်းခန့်တို့က သွင်းယူခဲ့ပြီး ကမ္ဘောဒီးယားအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို နော့ဒေးဗစ်က သွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနှစ်ပွဲ ကစားအပြီးတွင် တစ်ပွဲသရေ၊ တစ်ပွဲနိုင် ရလဒ်ကို  ပိုင်ဆိုင်ထားပြီး  ဇူလိုင် ၈ ရက်နေ့ တွင် အုပ်စု တတိယမြောက်ပွဲစဉ်အဖြစ် ဘရူနိုင်းအသင်းနှင့် ဆက်လက်ရင်ဆိုင်သွားရမည်ဖြစ်သည်။

ပွဲအပြီး နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၏ ပြောစကား

“နိုင်ပွဲရယူပေးခဲ့တဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့(ကစားသမားတွေ) အကောင်းဆုံးကြိုးစားခဲ့လို့ ဒီရလဒ်ကို ရရှိခဲ့တာပါ။  တီမောနဲ့ပွဲက အမှားအချို့ကို အချိန်မီ ပြင်ဆင်နိုင်ခဲ့တာကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်း အားနည်းချက်တချို့ကို ဆက်ပြီး ပြင်ဆင်ရဦးမှာပါ။  ပြိုင်ပွဲက မပြီးသေးပါဘူး။ အုပ်စုလက်ကျန်  ပွဲစဉ်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ”