စိတ်လှုပ်ရှားစရာ တိုက်စစ်ဆင်မှုများဖြင့် တာဂျစ်ကစ္စတန်ကို မြန်မာအနိုင်ယူ

The MFF » latest news » စိတ်လှုပ်ရှားစရာ တိုက်စစ်ဆင်မှုများဖြင့် တာဂျစ်ကစ္စတန်ကို မြန်မာအနိုင်ယူ

နိုဝင်ဘာ 14, 2019 / By Admin

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှခြေစစ်ပွဲ အဖြစ် မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန်က မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် တာဂျစ်ကစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄း၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အန်တွမ်နီဟေး စတင် တာဝန်ယူသည့် ခြေစစ်ပွဲတွင် မြန်မာအသင်းသည် ဂိုး- ကျော်ဇင်ထက်၊ နောက်တန်း- ဒေးဗစ်ထန်၊ ငြိမ်းချမ်း၊ ဇော်မင်းထွန်း၊ ကျော်ဇင်လွင်၊ အလယ်တန်း- မောင်မောင်လွင်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ရှေ့တန်း- ဆမ်လန်မန်၊ အောင်သူ တို့ဖြင့် ပွဲထွက်လာခဲ့သည်။

ပွဲစသည်နှင့် မိမိအိမ်ကွင်းတွင် နိုင်ပွဲရရှိရေး အတွက် မြန်မာအသင်း အကောင်းဆုံး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာပင် ဆမ်လန်မန်က အဖွင့်ဂိုး စတင်သွင်းယူပေးခဲ့သည်။ သို့သော် ၃၆ မိနစ်တွင် ဂိုးစည်းအတွင်း နောက်ခံလူ ဇော်မင်းထွန်း ပြစ်ဒဏ်ကျူးလွန်ကြောင်း ကွင်းလယ်ဒိုင်က ဆုံးဖြတ်၍ ပင်နယ်တီပေးခဲ့သည်။ ပင်နယ်တီကို တာဂျစ်အသင်းမှ ဒါဇာလီလော့ဗ်က သွင်းယူပြီး (၁-၁)ဂိုးဖြစ်နေခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ဆမ်လန်မန်က အနိမ့်ဘော ကန်သွင်းပြီး ပထမပိုင်းတွင် မြန်မာက (၂း၁)ဂိုး အနိုင်ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် မြန်မာအသင်း ကစားကွက် အသာဖြင့် တိုက်စစ်ဆင် နိုင်ခဲ့ပြီး ၄၈ မိနစ်တွင် အောင်သူက ၁၈ ကိုက်ထိပ်မှ အနိမ့်ဘော ကန်သွင်းပြီး (၃း၁)ဂိုးဖြင့် အနိုင်ရရှိနေခဲ့သည်။ သို့သော် ၅၇ မိနစ်တွင် ဗိုစီရက်ဗ်က ခေါင်းတိုက်ချေပပြန်သလို မြန်မာဘက်မှ မောင်မောင်လွင်ကလည်း ၆၃ မိနစ်တွင် တာဂျစ် နောက်ခံလူ နှစ်ယောက်ကို လှည့်ဖျားပြီး လှလှပပ အပိုင်သွင်းယူပြီး (၄း၂) ဂိုးဖြင့် မြန်မာက အသာစီးရထားခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင် တာဂျစ်၏ ဒါဇာလီလောဗ်က အသင်းအတွက် တတိယ ချေပဂိုး သွင်းယူပေး၍ (၄း၃)ဂိုး ရလဒ်ဖြစ်စေခဲ့သော်လည်း ထပ်မံချေပနိုင်ရန် ကြိုးစားမှုများ အရာမထင် ဖြစ်ခဲ့ပြီး အဆိုပါ ရလဒ်ဖြင့်ပင် ပွဲပြီးခဲ့သည်။ မြန်မာဘက်မှ မောင်မောင်လွင် ပထမပိုင်းတွင် အပိုင်ကန်သွင်းခဲ့သော်လည်း ဂိုးသမား ပုတ်ထုတ်သွားသလို လှိုင်းဘိုဘို၊ သန်းပိုင်တို့ အပိုင်ကန်သွင်းချက်များလည်း ကံခေသဖြင့် မြန်မာအသင်း (၄း၃)ဂိုးဖြင့်သာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်း အနေဖြင့် ခြေစစ်ပွဲ ၄ ပွဲတွင် ပထမဆုံး အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ရမှတ် ၃ မှတ်ရရှိထားသော်လည်း အမှတ်ပေးဇယား အောက်ခြေမှ ရုန်းမထွက်နိုင်သေးပေ။ နိုဝင်ဘာ ၁၉ ရက်နေ့ မန္တလာသီရိ ကွင်းတွင် မွန်ဂိုလီးယား အသင်းအား ဂိုးပြတ် အနိုင်ရရှိထားရန် လိုအပ်သလို အမှတ်ပေး ဇယား အဆင့်တက်ရေး အတွက် လက်ကျန် ခြေစစ်ပွဲများတွင် အမှတ်များ ပြန်လည်ရရှိရန် လိုအပ်လျက်ရှိသည်။

အန်တွမ်နီဟေး ( မြန်မာအသင်းနည်းပြချုပ် )

တာဂျစ်ကစ္စတန်အသင်းက တောင့်တင်းတဲ့အသင်းဖြစ်တာကြောင့် နိုင်ပွဲရလို့ ကျေနပ်မိပါတယ်။ နိုင်ပွဲကြောင့် ကစားသမားတွေ ယုံကြည်မူတိုးလာပြီး မွန်ဂိုလီးယားနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်း အလဲကလည်း နိုင်ပွဲရဖို့ အဓိက အချက်ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ လာမယ့်ပွဲတွေမှာ ပိုအားပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီပွဲရဲ့ အားနည်းချက်တွေကိုလည်းပြင်ဆင်ပြီး နောက်ပွဲတွေအတွက် တစ်ဆင့်ချင်း ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

အူစမန် တိုရှက်ဗ် ( တာဂျစ်ကစ္စတန် အသင်းနည်းပြချုပ်)

ကျွန်တော်တို့ အနိုင်ကစားဖို့ လာခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ နောက် တန်းအားနည်းချက်ကြောင့် ဂိုးတွေပေးလိုက်ရတာဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ဂုဏ်ယူမိပါတယ်။ မြန်မာအသင်းဟာ အရင် ၃ ပွဲမှာ ဂိုးမရခဲ့ပေမယ့် ဒီပွဲမှာ အကောင်းဆုံးကစားပြီး ၄ ဂိုးသွင်းယူသွားတာဖြစ်ပါတယ်။