တတိယအကြိမ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်စ်ကျင်းပပြီးစီး

The MFF » MFF » MFF Congress » တတိယအကြိမ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်စ်ကျင်းပပြီးစီး

ဇန်နဝါရီ 30, 2021 / By Admin

၂၀၂၁ ခုနှစ် တတိယအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်စ် 3rd MFF Congress 2021 အခမ်းအနားအား ဇန်နဝါရီလ ၃၀ ရက်က Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့်ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ပေါင်း ၂၄၂ မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ တတိယအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ညီလာခံသို့ စတင်ကြောင်း ကြေညာခဲ့ပြီး တက်ရောက်လာသော အဖွဲ့အစည်းများစာရင်းကို ကြေညာခဲ့သည်။

ထို့နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုမှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာ့ဘောလုံးလောကမှ မိတ်ဆွေများအားလုံး ကျန်းမာပါစေဟု ဆုမွန်ကောင်းတောင်းပေးပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ပြီး မိတ်ဆွေများအားလုံးနှင့်အတူ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်စ်ကို ဂုဏ်ယူစွာဆင်နွှဲချင်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်သည် ခက်ခဲသည့်နှစ်ဖြစ်ခဲ့သော်လည်း ဘောလုံးလောကသားမိတ်ဆွေများ၏ စည်းလုံးမှုကို မြင်တွေ့ခဲ့ရကြောင်း၊ မြန်မာနိုင်ငံသည် ဘောလုံးအားကစားကို လူသားများကို ကာကွယ်ဖို့၊ ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ဖို့
လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့ကြောင်း၊ ဘောလုံးလောက၏ အခြေခံအဆောက်အအုံများတွင် ကွာရာတင်းစင်တာတွေ၊ ဆေးရုံတွေ၊ရောဂါပိုးစစ်ဆေးနိုင်တဲ့နေရာတွေ၊ လိုအပ်တဲ့အခြေအနေတွေအတွက်လှူဒါန်းမှုတွေနဲ့ လိုအပ်တဲ့ဆေးပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ထို့အတွက် ဦးဇော်ဇော်နှင့် မိတ်ဆွေများကို ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ညီလာခံ အခမ်းအနား အစီအစဉ်ကို အတည်ပြု ကြေညာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ဘောလုံးလောကမှ ကွယ်လွန်ခဲ့သူများအတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်၍ ဆုတောင်းခြင်း ပြုလုပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုအနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်စ်တွင်ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ပြုလိုပါကြောင်း၊ မိမိအနေဖြင့် မြန်မာ့ဘောလုံးလောကတိုးတက်ရေး ဆောင်ရွက်ရာတွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ပါဝင်လာခြင်းသည်အဓိကကျကြောင်း၊ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘောလုံးတိုးတက်ရေး ဆောင်ရွက်ရာတွင် ရန်ကုန်တစ်ခုတည်း လုပ်နေပါက မဖြစ်နိုင်ကြောင်း၊ ဘောလုံးတိုးတက်ရေးပြုလုပ်ရာတွင် ဘောလုံးအသင်းများအောင်မြင်ရန်လိုကြောင်း၊ ထိုသို့ပြုလုပ်နိုင်ရန် တကယ်လုပ်နိုင်သည့် ၈နှစ်၊ ၁၀နှစ် စသည့် ကလေးငယ်များသည်မြို့နယ်အသီးသီများတွင်သာရှိကြောင်း၊ ကျောင်းတွင်းဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက မြို့နယ်များတွင် ဘတ်ဂျက်သတ်မှတ်ပေးမှုများ ပါဝင်လာပြီဖြစ်ကြောင်း၊မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ပိုပြီးစနစ်ကျရန် ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာပါဝင်နိုင်ရေးနှင့် လူငယ်များ ဘောလုံအားကစားဖြင့် ပရော်ဖက်ရှင်နယ်ပီသစွာရပ်တည်နိုင်ရေး၊အောင်မြင်မှုများရရှိနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ၊အမှုဆောင်များ ပူးပေါင်းဆောင်ရွက်ခြင်းသည် အားတစ်ခုဖြစ်ကြောင်း၊ မြို့နယ်များတွင် နိုင်ငံဂုဏ် ဆောင်နိုင်သည့် ထူးချွန်ကစားသမားများရှိနေခြင်းကြောင့် မြေတောင်မြှောက်ပေးရန် အားလုံးပူးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Football For Schools ပြန်စတင်ပါက ကျောင်းများသို့ ဘောလုံးများပေးပို့နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဘောလုံးနှင့် ပတ်သက်သည့် သင်တန်များ ကလေးငယ်များ သင်ယူနိုင်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးစေလိုကြောင်း၊ ကိုဗစ်ရောဂါကာကွယ် ကုသရေးဆောင်ရွက်ရာတွင် မြန်မာ့ဘောလုံးလောကမှ တာဝန်ရှိသူများ ပှုးပေါင်းဆောင်ရွက်ခဲ့မှုအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုမှ ဂုဏ်ပြုစကား
ပြောကြားခဲ့ခြင်းသည် မိမိတို့အားလုံးအတွက် ကျေနပ်စရာဖြစ်ကြောင်း၊ မိမိတို့ ဘာပဲလုပ်လုပ် ဘောလုံးအသင်းများ မအောင်မြင်သေးသ၍ လုပ်သမျှ သဲထဲရေသွန်ဖြစ်သွားကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် အွန်လိုင်းမှကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းများအတွက် ကိုယ်စားလှယ်များမှ ရွေးချယ်ထားသည့် ကြီးကြပ်သူ အဖွဲ့ဝင်(၃)ဦးကို တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးခဲ့သည်။ ကြီးကြပ်သူများ အဖြစ် ဟံသာဝတီယူနိုက်တက် အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်း၊ ချောင်းဦးမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်မြ၊ မြဝတီမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း တို့ကို မဲပေးခွင့်ရှိသူ ၂၅၇ ဦးအနက် ၂၄၀ဦးက သဘောတူညီခဲ့သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံ၏ တရားဝင်မှတ်တမ်းများအတွက် ကိုယ်စားလှယ်များ ရွေးချယ်ထားသည့် စစ်ဆေးမည့် အဖွဲ့ဝင် (၃)ဦးကို ဆက်လက်မိတ်ဆက်ပေးခဲ့သည်။ တရားဝင်မှတ်တမ်းများအတွက် ရွေးချယ်
ထားသည့် အောင်လံမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်တင်၊ ကော့သောင်းမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလွင်၊ တောင်ဒဂုံမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲထွဋ်ထိပ် တို့ကို မဲပေးခွင့်ရှိသူ ၂၅၇ဦးအနက်
၂၄၀ဦး က သဘောတူရွေးချယ်ခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏၂၀၁၉ ဘဏ္ဏာရေးနှစ် ရငွေ/သုံးငွေနှင့် လက်ကျန်စာရင်းတင်ပြရာတွင် မဲပေးခွင့်ရှိသူ ၂၅၇ဦးအနက် ၂၃၈ဦးက သဘောတူထောက်ခံခဲ့သည်။ ငွေစာရင်းနှင့်ပတ်သက်၍ ပြင်ပ(အပြင်)စာရင်းစစ်အဖွဲ့၏ ၂၀၁၉ ဘဏ္ဏာရေးနှစ် အစီရင်ခံစာတင်ပြရာတွင်လည်း မဲပေးခွင့်ရှိသူ ၂၅၇ဦးအနက် ၂၃၈ဦးက သဘောတူထောက်ခံခဲ့သည်။ ၂၀၂၁ ဘဏ္ဏာရေးနှစ် ရသုံးမှန်းခြေ စာရင်းတင်ပြရာတွင်လည်း မဲပေးခွင့်ရှိသူ၂၅၇ဦးအနက်၂၃၇ဦးက သဘောတူထောက်ခံခဲ့သည်။

ဖွဲ့စည်းပုံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ အမြဲတမ်း ညွှန်ကြားချက်နှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေစည်းမျဉ်းများအား ပြုပြင်ပြောင်းလဲရန် အဆိုပြုခြင်း၊ အတည်ပြုခြင်းများပြုလုပ်ခြင်းကို မဲပေးခွင့်ရှိသူ ၂၅၇ဦးအနက်၂၄၂ဦးက သဘောတူထောက်ခံခဲ့သည်။ ထို့နောက် စာရင်းပိုင်းဆိုင်ရာ စစ်ဆေးရန်နှင့် အတည်ပြုပေးရန် မှတ်ပုံတင် စာရင်းကိုင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဝမ်တင်အား ခန့်အပ်ကြောင်း ကြေညာခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့်ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၁အတွင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ်အတွင်း လှုပ်ရှားမှုများအား Video Clip ဖြင့်ပြသခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မြို့နယ်ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်သစ် (၉)မြို့နယ်ဖြစ်သော ချင်းပြည်နယ်မှ ထန်တလျန်မြို့နယ် ဘောလုံးအဖွဲ့ချုပ်၊ မတူပီ မြို့နယ် ဘောလုံးအဖွဲ့ချုပ်၊မန္တလေးတိုင်းဒေသကြီးမှ ညောင်ဦးမြို့နယ် ဘောလုံးအဖွဲ့ချုပ်၊ နေပြည်တော်ကောင်စီမှ တပ်ကုန်းမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ လယ်ဝေးမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ဇမ္ဗူသီရိမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ပုပ္ဗသီရိမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ဒက္ခိဏသီရိမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ဇေယျာသီရိမြို့နယ်ဘောလုံးအဖွဲ့ချုပ် အမည်စာရင်းများကို ကြေညာခြင်း ပြုလုပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး တတိယအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ညီလာခံပြီးဆုံးကြောင်း ကြေညာကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။