ထိုင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာ ယူ-၂၁ အသင်း တတိယရရှိ

The MFF » latest news » ထိုင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာ ယူ-၂၁ အသင်း တတိယရရှိ

ဒီဇင်ဘာ 26, 2017 / By Admin

ဗီယက်နမ်သတင်းစာ ဖိတ်ခေါ်ဖလား တတိယနေရာလုပွဲအဖြစ် မြန်မာ ယူ-၂၁ အသင်းနှင့် ထိုင်း ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ ယူ-၂၁ အသင်းက လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး တတိယနေရာကို ရယူနိုင်ခဲ့သည်။

မြန်မာ ယူ-၂၁ အသင်းတွင် ဂိုး- ဘုန်းသစ္စာမင်း၊ နောက်တန်း – ကျော်သူထွန်း၊ ရဲရင့်အောင်၊ ဝင်းမိုးကျော်၊ သန်းထိုက်ဇင်၊ အလယ်တန်း၊ မြတ်ကောင်းခန့်၊ စိုးလွင်လွင်၊ ကျော်မြင့်ဝင်း၊ ဟိန်းထက်အောင်၊ ရှေ့တန်း – ရွှေကို၊ အီစိုးတို့ဖြင့် ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ နှစ်မိနစ်မှာပင် ရွှေကိုက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် (၂၂) မိနစ်တွင် ထိုင်းအသင်းမှ Nattawut Suksum က ချေပဂိုး သွင်းယူပေးခဲ့ပြီး မြန်မာအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို ကျော်မြင့်ဝင်းက ပွဲချိန် (၃၆) မိနစ်တွင် သွင်းယူပေးခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် မြန်မာ အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။


ဒုတိယပိုင်းတွင် ထိုင်းအသင်းက ချေပဂိုးရရှိရန် တိုက်စစ်ဆင်ကစားလာခဲ့သော်လည်း မြန်မာအသင်း နောက်တန်းမှ စနစ်တကျ တားဆီးထားနိုင်ခဲ့သည်။ မြန်မာ အသင်းသည် တန်ပြန်တိုက်စစ်မှတစ်ဆင့် ထိရောက်သော တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ထိုင်းအသင်း ဂိုးသမား ကာကွယ်ထားနိုင်ခဲ့သည်။ ပွဲချိန် (၈၁) မိနစ်တွင် ထိုင်းအသင်းအတွက် ဒုတိယ ချေပဂိုးကို Ritthidet Phensawat က သွင်းယူပေးခဲ့သည်။
ချေပဂိုး ပေးရပြီးနောက်ပိုင်း မြန်မာအသင်းက တိုက်စစ်မြှင့်တင်ကစားလာခဲ့ရာ ပွဲချိန် (၈၅) မိနစ်တွင် ကျော်မြင့်ဝင်းက တတိယဂိုးကိုလည်းကောင်း၊ ပွဲချိန် (၈၆) မိနစ်တွင် အီစိုးက အနိုင်သေချာစေမည့် စတုတ္ထဂိုးကိုလည်းကောင်း သွင်းယူပေးခဲ့ပြီး ပွဲအပြီးတွင် မြန်မာ ယူ-၂၁ အသင်းက ထိုင်း ယူ-၂၁ အသင်းကို လေးဂိုး နှစ်ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ-၂၁ အသင်း လက်ထောက်နည်းပြ ဦးချစ်နိုင်က “ ဒီနေ့ပွဲအနိုင်ရလဒ်အတွက် ဝမ်းမြောက်မိပါတယ်။ ဒီနေ့ပွဲအတွက် ကျွန်တော်တို့ ကြံ့ခိုင်မှုပိုင်းကို အသားပေးပြီး လေ့ကျင့်ထားခဲ့တယ်။ ပြီးတော့ ထိုင်းအသင်းရဲ့ အားနည်းတဲ့ နောက်တန်းအစွန်တွေကို ကျွန်တော်တို့ မြန်တဲ့ ကစားသမားတွေက အခွင့်ကောင်းယူနိုင်ခဲ့တဲ့အတွက် အနိုင်ရရှိခဲ့တာပါ” ဟု ပြောကြားသွားခဲ့သည်။

 25551840_1011983658940446_302346715018539087_n

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်