ပြည်ပ ကစားသမားတွေ၊ နည်းပြတွေနဲ့ ပြန်လည်စတင်တော့မယ့် MFF Myanmar Futsal League 2019-20

The MFF » Futsal » ပြည်ပ ကစားသမားတွေ၊ နည်းပြတွေနဲ့ ပြန်လည်စတင်တော့မယ့် MFF Myanmar Futsal League 2019-20

နိုဝင်ဘာ 16, 2019 / By Admin

Myanmar Futsal League 2019-20 ပြိုင်ပွဲဟာ နိုဝင်ဘာ ၂၇မှာ စတင်တော့မှာ ဖြစ်ပါတယ်။

ဒီနှစ် ပြိုင်ပွဲ မှာတော့ ပါဝင်ယှဉ်ပြိုင်မဲ့ အသင်းတိုင်းက အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်နေကြသလို MFF Myanmar Futsal League 2019-20 ပြိုင်ပွဲရဲ့ ချန်ပီယံ အသင်းက 2020 AFC Futsal Club Championship ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်တာကြောင့် ပြည်ပ ကစားသမားတွေ၊ နည်းပြတွေ ခေါ်ယူနေတဲ့ အသင်းတွေလည်း ထွက်ပေါ်လာပါပြီ။

VUC အသင်းကတော့ ဘရာဇီး နိုင်ငံသား ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့ပြီး GV Athletic အသင်းကတော့ အီရန် နည်းစနစ် ဒါရိုက်တာ တစ်ဦးကို ခေါ်ယူထားပါတယ်။

VUC အသင်းက ခေါ်ယူထားတဲ့ ဘရာဇီးလ် ကစားသမား Thiago Mora De Oliveira ဟာ ထိုင်းကလပ် Kasem Bundit အသင်းမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နောက်ထပ်ကစားသမားတစ်ဦးကတော့ Thammsat Young Blood အသင်းကပြောင်းရွှေ့လာခဲ့တဲ့ Rosencler De Carvalho Junior ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ထိုင်းဖူဆယ်လိဂ် ကနေ ပြောင်းရွှေ့ လာခဲ့သူတွေ ဖြစ်တာကြောင့် MFF Myanmar Futsal League 2019-20 ပြိုင်ပွဲမှာ သူတို့ရဲ့ခြေစွမ်းတွေက ပရိသတ်ကို စိတ်ကြိုက်တွေ့စေမှာ သေချာနေပါတယ်။

GV Futsal Club ကတော့ မြန်မာ့လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ်ဟောင်း Mr.Saeid Kohdarahmi ကို နည်းစနစ် ဒါရိုက်တာ အဖြစ် ခေါ်ယူထားပါတယ်။ Mr.Saeid Kohdarahmi ဟာ မြန်မာ့လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် မြန်မာကစားသမားတွေရဲ့ ကစားဟန်ကို ကောင်းကောင်းနားလည်သူပါ။ ဒါ့ကြောင့် သူရဲ့ နည်းစနစ်တွေအောက်မှာ ပြီးခဲ့တဲ့နှစ်က တတိယ ရရှိခဲ့တဲ့ GV Futsal Club ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

MIU ၊ VUC ၊ GV Futsal ၊ Myoma JY ၊ Let Wel Thone Nara ၊ AMM ၊ Dream Team ၊ DoDoKoKo၊ On Doctor ၊ MFF U-19 Team ၊ Futsal Chit Thu ၊ Winner FC အစရှိတဲ့ အသင်းပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် MFF Myanmar Futsal League 2019-20 ပြိုင်ပွဲကို နိုဝင်ဘာလ ၂၇ ရက်မှာ စတင်မှာဖြစ်ပြီး ပွဲစဉ်တိုင်းကိုအမျိုးသား အားကစားပြိုင်ပွဲရုံ-၂ (လှိုင်) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။