မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ (၁/၂၀၂၀) အစည်းအဝေးကျင်းပ

The MFF » Latest Activities » မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ (၁/၂၀၂၀) အစည်းအဝေးကျင်းပ

ဇူလိုင် 21, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာနှင့်သတင်း ဆက်သွယ်ရေး ကော်မတီ (၁/၂၀၂၀) အစည်းအဝေးကို ဇူလိုင် ၂၁ ရက်၊ ညနေ(၃း၀၀)နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဝင်းမောင်၊ ဒု- ဥက္ကဋ္ဌ ဦးအောင်မျိုးရှိန်နှင့် ဦးပြည့်ဖြိုးဟန်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမြတ်ထွဋ်ဝင်း၊ ဦးထွန်းထွန်းဦး (လှိုင်)၊ ဦးနေလင်းထွန်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဝင်းမောင်က ပထမဆုံး အကြိမ်ကျင်းပသည့် မီဒီယာ ကော်မတီ အစည်းအဝေးတွင် အမှာစကားပြောကြားခွင့်ရသဖြင့် ကျေးဇူးတင်ကြောင်း၊ မီဒီယာ ကော်မတီက ဦးဆောင်ပြီး ကိုဗစ်၁၉ ကပ်ဘေးကာလ အတွင်း ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မီဒီယာ ကော်မတီ၏ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများအား ဖတ်ရူလေ့လာပြီးနောက် မိမိတို့အဖွဲ့ လုပ်ဆောင်ရမည့် အလုပ်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ကော်မတီအသီးသီး ဆောင်ရွက်မှုများအား မီဒီယာကဏ္ဍမှ ကူညီပံ့ပိုးရန်နှင့် အဖွဲ့အစည်း သတင်းအချက်အလက် ထုတ်ပြန်မှုများ ယခင်ထက် ပိုမိုတိုးတက် ကောင်းမွန်ရန်အတွက် လိုအပ်သည့် အကြံဉာဏ်များ ပေးသွားရန်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည့် အလုပ်အမှုဆောင် ကော်မတီကို တက်ရောက်ခဲ့သော်လည်း မီဒီယာ ကော်မတီ အစည်းအဝေး ကျင်းပရခြင်း မရှိသေးသောကြောင့် လုပ်ဆောင်ရမည်များကို တင်ပြနိုင်ခြင်း မရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းနောက် MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက My Sports နှင့် ချုပ်ဆိုထားသည့် ရုပ်သံထုတ်လွှင့်ခြင်း ဆိုင်ရာ သဘောတူညီချက်များနှင့် လက်တွဲဆောင်ရွက်မှုများ ၊ မြန်မာ့ လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ခြေစမ်းပွဲ၊ ဆူဇူကီးဖလားပွဲများအတွက် ပြင်ဆင် ဆောင်ရွက်ထားမှုများ၊ MFF 15 Years Report စာအုပ်ထုတ်နိုင်ရန် ပြင်ဆင်ပြုလုပ်နေမှုများ၊ MFF Apps အားယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ၊ ပြန်လည်ဖွင့်လှစ်မည့် ဘောလုံးအကယ်ဒမီများအတွက် ကစားသမား ရွေးချယ်ခြင်းအစီအစဉ်များကို ရုပ်သံ အစီအစဉ် ရိုက်ကူးပြသရန် လုပ်ငန်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ မှ ခွင့်ပြုချက်မှ ရရှိသည်နှင့် ဆောင်ရွက်သွားရန် ပြင်ဆင်ထားမှုများ၊ ဖူဆယ် ရှုံးထွက်ပြိုင်ပွဲ ကျင်းပရေးနှင့် U – 14 လိဂ် ကိုလည်း စက်တင်ဘာလအတွင်း ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ၊ နည်းစနစ် ဒါရိုက်တာ အသစ်ခန့်အပ်ရန်စီစဉ်ထားရှိမှုများကို အ‌သေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မီဒီယာဌာန တာဝန်ခံ ဦးဇော်မင်းထိုက်ကဌာနမှ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ရုပ်သံထုတ်လွှင့်ခြင်းနှင့် ရောင်းချခြင်းတို့မှ ရရှိလာမည့် အကျိုးအမြတ်နှင့် ဆုံးရှုံးနစ်နာမှုများ ဆွေးနွေးခြင်း ၊ မှတ်တမ်းများ အစီအစဉ်တကျ ထားရှိမှုနှင့် ယခင် မှတ်တမ်းများ ပြန်လည်စုဆောင်းခြင်း၊ ဝက်ဘ်ဆိုက်တွင် ထပ်မံထည့်သွင်းမည့် ကဏ္ဏများအားဆွေးနွေးခြင်း၊ MFF Mobile Applications ပြုလုပ်ခြင်း၊ Fans Club များတည်ထောင်ခြင်းနှင့် ပရိသတ်များအတွက် ဝန်ဆောင်မှုများ တိုက်ရိုက်ဆောင်ရွက်နိုင်မည့် ပလက်ဖောင်းများ ထားရှိရေး၊ ဆိုရှယ်မီဒီယာ ချန်နယ်များ ပိုမိုကောင်းမွန်လာရေး ဆောင်ရွက်ခြင်း တို့ကို တက်ရောက်လာသည့် မီဒီယာ ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ဦးချစ်ဝင်းမောင်က ယခုဆွေးနွေးမှုများကြောင့် ရှေ့ဆက်မည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် လုပ်ဆောင်ရမည့် အရာများကို သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ရန် လိုကြောင်း၊ အောက်တိုဘာလ အတွင်းကစားရမည့် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲစဉ်သည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် လုပ်စရာ အများအပြားရှိပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဝိုင်းဝန်း ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် လက်ရှိတွင် ကော်မတီ အသီးသီး ဖွဲ့စည်းထားရှိပြီး အဆိုပါ ကော်မတီများ၏ ပုံမှန်အစည်းအဝေးများအား ၃ လလျင် တစ်ကြိမ်ကျင်းပရန်၊ အရေးပေါ်လိုအပ်ချိန်တွင် လိုအပ်သလို အစည်းအဝေးများ ခေါ်ယူကျင်းပရန် သက်မှတ်ထားပါသည်။