နှစ်ပွဲဆက် အနိုင်ရလဒ် ရယူပြီး အုပ်စု(ခ)ကို ဦးဆောင်နိုင်ခဲ့သည့် မြန်မာယူ-၁၉ အသင်း

The MFF » Men U-19 » နှစ်ပွဲဆက် အနိုင်ရလဒ် ရယူပြီး အုပ်စု(ခ)ကို ဦးဆောင်နိုင်ခဲ့သည့် မြန်မာယူ-၁၉ အသင်း

ဇူလိုင် 8, 2018 / By Admin

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၁၈  အာဆီယံယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းက ဘရူနိုင်းယူ-၁၉ အသင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

 မြန်မာနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်  ပွဲစဉ်ကို ဂရီဆက်ခ်မြို့ရှိ၊  ဂျိုကိုဆာမူဒရိုကွင်း၌ ကျင်းပခဲ့ပြီး  မြန်မာအသင်းက ပွဲချိန်တစ်လျှောက် အသာစီး ရယူကစားကာ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအတွက် ဂိုးများကို ၁၃၊ ၂၄ မိနစ်များတွင် မြတ်ကောင်းခန့်၊ ၂၁၊ ၄၁ မိနစ်များတွင် ပြည့်စုံနိုင်၊ ၄၂ ၊ ၅၇ မိနစ်များတွင် ၀င်းနိုင်ထွန်းနှင့် ၈၁ မိနစ်တွင် လွှမ်းမိုးဦးတို့က သွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည်  ယခုပွဲစဉ်အနိုင်ရရှိခဲ့သည့်အတွက်  မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည့် အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ ရမှတ်တူ  ဂိုးကွာခြားချက်အသာဖြင့် အုပ်စု(ခ) ပထမနေရာအား ရယူထားနိုင်သည်။ လက်ရှိအနေအထားတွင် မြန်မာအသင်းက ရမှတ် ၇ မှတ်ဖြင့် အုပ်စု(ခ) ပထမ၊ မလေးရှားအသင်းက ရမှတ် ၇ မှတ်ဖြင့် ဒုတိယ၊ တီမောအသင်းက ရမှတ် ၅ မှတ်ဖြင့် တတိယနေရာများတွင် အသီးသီး ရပ်တည်လျက်ရှိသည်။

ထို့ကြောင့် မြန်မာအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် မလေးရှားအသင်းကို သရေကစားနိုင်ရုံဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရမည်ဖြစ်သည်။

ပွဲအပြီး နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၏ ပြောစကား

“နားရက်ပိုမို ရရှိထားလို့  ကျွန်တော့် ကစားသမားတွေ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဘရူနိုင်းအသင်းကတော့ ပွဲစဉ်တွေ တစ်ရက်ခြား ကစားထားရလို့  ပွဲပမ်းမှု ရှိနေတယ်လို့ ထင်ပါတယ်။ သုံးပွဲ ကစား၊ ၇ မှတ် ရရှိထားပေမယ့် အကြိုဗိုလ်လုပွဲစဉ်အကြောင်းကို မစဉ်းချင်သေးပါဘူး။  လောလောဆယ် မလေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကိုပဲ အာရုံစိုက်ထားပါတယ်”