Follow Up Community Champions Football Clinic အစီအစဉ်ကို တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ကျင်းပ

The MFF » Activities » Follow Up Community Champions Football Clinic အစီအစဉ်ကို တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ကျင်းပ

ဇန်နဝါရီ 22, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် အမေရိကန် သံရုံးတို့ ပူးပေါင်း စီစဉ်သည့် Follow Up Community Champions Football Clinic (Taunggyi) အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းက အေးသာယာမြို့သစ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့မာစီရှယ် နှင့် သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ နည်းပြများနှင့် ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က အမှတ်တရစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး က Follow up Community Champions Football Clinic ပွဲ ပြုလုပ်ရခြင်း အဓိက ရည်ရွယ်ချက်မှာ မူးယစ်ဆေးနှင့် ပတ်သက်ပြီး ခြိမ်းခြောက်နေမူကို အား ကစားဖြင့် လျှော့ချနိုင်ရေးအတွက်ဖြစ်ကြောင်း၊ MFF အနေဖြင့် ဘောလုံးတစ်ခုတည်းသာမက လူမှုအကျိုးပြုလုပ်ငန်းများ၊ Football Clinic များ၊ GrassRoots များကို နှစ်စဉ်နှစ်တိုင်း တိုင်းဒေသကြီးအလိုက် ပြုလုပ်ပေးခဲ့ကြောင်း၊ လာမည့် အနာဂတ်တွင်လည်း အမေရိကန်သံရုံးနှင့် MFF တို့ ပူးပေါင်းပြီး ဘောလုံးနှင့် ပတ်သက်သည့် အစီအစဉ်များကို ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် Follow up Community Champions Football Clinic အစီအစဉ် အတိုင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အမေရိကန်သံရုံးတို့မှ တာဝန်ရှိသူများ၊ တက်ရောက်လာသူများက ဘောလုံးများ ကန်သွင်း၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။

 

အစီအစဉ်တွင် ပြည်နယ်အတွင်းရှိ မိဘမဲ့ ကလေးများနှင့် ကျောင်းသား ကျောင်းသူများ ဦးရေ ၈၀ အား နည်းပြများက အခြေခံ ဘောလုံးနည်းစနစ်များ မျှဝေပို့ချပေးခဲ့ကြပြီး ကလေးငယ်တိုင်း ဘောလုံးအားကစားကို အခြေခံ၍ ကာယစိတ္တ နှစ်ဖြာ တိုးတက်ကောင်းမွန်စေမည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲမူကို အားကစား အခြေပြု အသိပညာဖြန့်ဝေကာ လျှော့ချနိုင်ရေးအတွက် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်သည်။

အမေရိကန်နှင့်မြန်မာတို့ ပူးပေါင်းဆောင်ရွက်သည့် အထက်ပါ အစီအစဉ်အရ လာမည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှ အမျိုးသား နည်းပြ(၇)ဦးနှင့် အမျိုးသမီးနည်းပြ(၇)ဦးကို အမေရိကန်နိုင်ငံသို့ စေလွှတ်၍ Football Clinic လုပ်ငန်းဆိုင်ရာ လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။