နိုဝင်ဘာ 17, 2018 / By Admin
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ 100PLUS မှ Title Sponsor အဖြစ်
ပံ့ပိုးကူညီပေးသည့် MFF 100PLUS Cup ပြည်နယ်နှင့်တိုင်းဒေသကြီး ယူ-၁၄ အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ
အခမ်းအနား ကို နိုဝင်ဘာ ၁၇ ရက် ညနေ ၄နာရီ အချိန်က မြန်မာအမျိုးသားအကယ်ဒမီ မြက်ခင်းတု ကွင်းတွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် ဦးမိုးဆန်းအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်၊
မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ဦတင်အောင်၊ ဧရာဝတီယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်၊
ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ မန္တလေးတိုင်း ဒေသကြီး
အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီ၊ 100PLUS မှ Commerical Manager မစ္စတာ ပရာပတ်၊ ရွှေခေတ် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများဖြစ်ကြသော ဦးတင်အောင် (ဂိုး)၊ ဦးအောင်ခင်၊ အစရှိသည့် ကစားသမား ဟောင်းကြီးများ၊ ဧည့်သည်တော်များနှင့် ဆုရရှိကြသော အသင်းများမှ ကစားသမားများ၊ အုပ်ချုပ်နည်းပြများ တက်ရောက်ခဲ့ကြသည်။
ယင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ် အဖြစ် ကယားပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပွဲ အပြီးတွင် မန္တလေးတိုင်း ဒေသကြီး အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့သည်။ မန္တလေးတိုင်း ဒေသကြီး အသင်းအတွက် ဂိုးများကို ဇင်ကိုကိုနှင့် အောင်ရဲဦး တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ပွဲစဉ်တစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမားဆုကို မန္တလေးတိုင်း ဒေသကြီး အသင်းမှ ဇင်ကိုကိုက သွင်းဂိုး ၁၀ ဂိုးဖြင့် ရရှိခဲ့ပြီး အမှတ်တရ ဆုနှင့် ဆုကြေးငွေ ကျပ် ၃သိန်းကို မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးအောင်ခင်က ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို မန္တလေးတိုင်း ဒေသကြီး အသင်းမှ ထွန်းထွန်းသိန်းက ရရှိခဲ့ပြီး အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် ၃ သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ကြိုင် က ပေးအပ်ခဲ့သည်။
ထို့နောက် ပူးတွဲတတိယ ရရှိကြသော အသင်းများကို ဆုချီးမြှင့်ခဲ့ပြီး ရှမ်း(တောင်) အသင်းအတွက် တစ်ဦးချင်း
ဆုတံဆိပ်များကို ဧရာဝတီယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်ကလည်းကောင်း၊ ဆုကြေးငွေ ကျပ် သိန်း၂၀ ကို
မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးစိုးမြင့်က လည်းကောင်း၊ ရှမ်း (အရှေ့) အသင်းအတွက် ဆုတံဆိပ်များကို မြို့နယ် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်က လည်းကောင်း၊ ဆုကြေးငွေ ကျပ် သိန်း ၂၀ ကို မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးတင်အောင်(ဂိုး)ကလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ဒုတိယဆု ရရှိသော ကယားပြည်နယ် အသင်းအတွက် ဆုတံဆိပ်များကိုမူ မန္တလေးတိုင်း ဒေသကြီး အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီက ချီးမြှင့်ပေးခဲ့ပြီး၊ ဆုကြေးငွေ ကျပ် သိန်း၃၀ ကို ရန်ကုန်တိုင်းဒေသကြီး
အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ချီးမြှင့်ပေးခဲ့သည်။
MFF 100PLUS Cup ပြည်နယ်နှင့်တိုင်းဒေသကြီး ယူ-၁၄ အမျိုးသား ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သည့် မန္တလေးတိုင်း ဒေသကြီး အသင်းအတွက် တစ်ဦးချင်းဆုများကို 100PLUS မှ Commerical Manager မစ္စတာ ပရာပတ်က ချီးမြှင့်ပေးခဲ့ပြီး၊ ဆုကြေးငွေကျပ် သိန်း၅၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် ဦးမိုးဆန်းအောင်က ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တံခွန်စိုက်ဆုဖလားအား မန္တလေးတိုင်းဒေသကြီး အသင်းကို ချီး မြှင့်ပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။