2014 MNL ရာသီအဖွင့် ချာရတီဖလား KBZ ဆွတ်ခူး
July 30, 2015အာဆီယံဘောလုံး အဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေး တစ်ရပ်အား ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်ဘုရင် HRH Sultan HJ Ahmad Shah နှင့် ဒုဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ နံနက် ၉နာရီအချိန်၌ အာဆီယံဘောလုံးအဖွဲ့ချုပ်၊ ဘဏ္ဍာရေးကော်မတီက ဘဏ္ဍာရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကာ နံနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီခန့်အထိ ကောင်စီအစည်းအဝေးအား ဆက်လက် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ဦးစွာပြောကြားခဲ့ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက်တွင် အာဆီယံဒေသတွင်း နိုင်ငံများ၏ ဘောလုံးအဆင့်အတန်း တိုးတက်ရေးကိစ္စရပ်များအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အာဆီယံဒေသတွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရေး၊ အာဆီယံ စူပါလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး အစရှိသည့် ကိစ္စရပ်များကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက်တွင် ၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် အိမ်ရှင်နိုင်ငံအား ရွေးချယ်သတ်မှတ်ရန်အတွက် မဲခွဲဆုံးဖြတ်မှုဆက်လက် ပြုလုပ်ခဲ့သည်။ အိမ်ရှင်ကျင်းပခွင့်အတွက် မြန်မာနိုင်ငံအပါအဝင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိသည့် ၃နိုင်ငံက လျှောက်ထားခဲ့ကြရာ မြန်မာနိုင်ငံက ၉မဲဖြင့် ဖိလစ်ပိုင်က ၆မဲ၊ အင်ဒိုနီးရှားက ၄မဲရရှိခဲ့ကာ မြန်မာနှင့် ဖိလစ်ပိုင်တို့က အုပ်စုအဆင့် ပွဲစဉ်များအား အိမ်ရှင်ပြုလုပ်ခွင့် ရရှိခဲ့သည်။