2014 MNL ရာသီအဖွင့် ချာရတီဖလား KBZ ဆွတ်ခူး
July 30, 2015အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် လက်ရွေးစင်အသင်း နည်းပြများနှင့် တွေ့ဆုံ
August 10, 2015မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ရာထူးအတွက် တရားဝင် ခန့်အပ်လိုက်သည့် ဆာဘီးယား လူမျိုး နည်းပြ အဗရာ မိုဗစ်နှင့် နည်းပြ အဖွဲ့ဝင် နှစ်ဦးအား စာချုပ် ချုပ်ဆိုပဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၊ မင်းတုန်း ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်၊ MNL CEO ဂျေဆင်းနှင့် ဌာန တာဝန်ခံများ၊ နည်းပြချုပ် အဗရာမိုဗစ် နှင့် လက်ထောက် နည်းပြ မီလိုဗန် ဆာကိုဗစ်၊ ဂိုးနည်းပြ ပရီဒရက် ဒီနို၊ မြန်မာ့ လက်ရွေးစင် ကစားသမားများ၊ MNL ကလပ်အသင်း များမှ တာဝန်ရှိသူများ၊ နည်းပြများ၊ သတင်းနှင့် အားကစား မီဒီယာများ၊ ရုပ်သံနှင့် Online မီဒီယာများ စုံလင်စွာ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် MFF ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားပြီးနောက် အဗရာမိုဗစ်နှင့် လက်ထောက်နည်းပြ များကို တစ်နှစ်ခွဲ သက်တမ်းရှိ စာချုပ်များအား အသီးသီး ချုပ်ဆိုခဲ့ကြသည်။
” မြန်မာ့ လက်ရွေးစင် အသင်းကြီး အနေနဲ့ ဒီနှစ်ထဲမှာ AFC Challenge Cup ဗိုလ်လု ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားရမှာ ရှိသလို အာရှ ယူ ၂၂ ခြေစစ်ပွဲနဲ့ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီး ဖလား) ခြေစစ်ပွဲတွေ ကစားဖို့ ရှိပါတယ်။ ဒါ့အပြင် အာရှ ယူ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံ ကျင်းပမှာ ဖြစ်ပြီး မြန်မာ ယူ၁၉ အသင်းကိုလည်း ရလဒ်ကောင်း ဖို့အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်သွားရမှာပါ။ လာမယ့်နှစ် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက်လည်း ကြိုတင် ပြင်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့် အောင်ပွဲရဖို့ ဆိုရင် နိုင်ငံတကာက ကျင့်သုံးနေတဲ့ ပုံစံတွေ အတိုင်း ကျွန်တော်တို့ ကြိုးစား ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ပိုမို ကောင်းမွန်တဲ့ နည်းပြ၊ ကစားသမား၊ စီမံ ခန့်ခွဲမှု စသဖြင့် လိုပါတယ်။ နိုင်ငံအတွက် ကစားရမှာ ဖြစ်လို့ မြန်မာ နေရှင်နယ်လိဂ် အသင်းတွေ အပါအဝင် အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး ရှေ့ဆက်ကြမှာပါ။ ” ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာ စကားတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
အစီအစဉ်အရ တက်ရောက်လာသည့် မီဒီယာများမှ သိလိုသည်များကို ဆက်လက် မေးမြန်းကြရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နည်းပြချုပ် အဗရာမိုဗစ်တို့က ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
” မြန်မာနိုင်ငံသား တွေဟာ ဘောလုံးကို အရမ်းချစ်ကြတဲ့ သူတွေဆိုတာ ကျွန်တော် အစကတည်းက သိပြီးသားပါ။ ဒီလို နိုင်ငံမှာ နည်းပြ တာဝန် ထမ်းဆောင်ရတဲ့ အတွက် ကျွန်တော် ဝမ်းသာမိသလို အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဘောလုံးပွဲ တစ်ပွဲနိုင်ဖို့ လွယ်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ ချန်ပီယံ ဖြစ်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် မြန်မာ နေရှင်နယ်လိဂ် အသင်းတွေ အပါအဝင် ဘောလုံး လောကသားတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပြ အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ မြန်မာ့ ဘောလုံးလောက တိုးတက်ရေးအတွက် ဆောင်ရွက်နေကြတဲ့ အချိန်မှာ ကျွန်တော်လည်း ကဏ္ဍတစ်ခုကနေ ပါဝင်ပတ်သတ်ခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု အဗရာ မိုဗစ်က ဆိုသည်။
အဗရာမိုဗစ် သည် မြန်မာ နေရှင်နယ်လိဂ် MNL Myanmar 2014 ပွဲစဉ်များအား ပုံမှန်ကြည့်ရှု သွားမည် ဖြစ်ပြီး လက်ရွေးစင် ကစားသမား ရွေးချယ်မှုများ၊ ပြိုင်ပွဲများ အတွက် ပြင်ဆင် ဆောင်ရွက်မှု များကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းများ၊ နည်းစနစ် ကျွမ်းကျင်သူများ နှင့်အတူ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။