အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် လက်ရွေးစင်အသင်း နည်းပြများနှင့် တွေ့ဆုံ
August 10, 2015မြန်မာနှင့် တောင်ကိုရီးယားတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် လက်မှတ်များကို အွန်လိုင်းမှ စတင်ရောင်းချ
August 10, 2015AFF Women’s Championship 2015 ဆီမီးဖိုင်နယ် ပထမ ပွဲစဉ်အဖြစ် သြစတြေးလျ အမျိုးသမီး ယူ-၂၀ အသင်းနှင့် မြန်မာ အမျိုးသမီး အသင်းတို့ ၂၀၁၅ ခုနှစ်၊ မေလ (၈) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၃း၃၀) နာရီတွင် ဗီယက်နမ် နိုင်ငံ၊ ဟိုချီမင်းမြို့၊ သောင်ညတ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာ အမျိုးသမီး အသင်းက ပြိုင်ပွဲအတွင်း ရေပန်းစားသည့် အသင်းတစ်သင်းကြီး ဖြစ်သည့် သြစတြေးလျ အမျိုးသမီး ယူ-၂၀ အသင်းကို (၁) ဂိုး၊ဂိုးမရှိ ဖြင့် အနိုင်ယူပြီး အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခုပွဲတွင် မြန်မာ အမျိုးသမီး အသင်းသည် ရှေ့တန်းတွင် ရီရီဦး၊ ခင်မိုးဝေ၊ အလယ်တန်းတွင် ခင်မာလာထွန်း၊ စန်းစန်းမော်၊ နော်အားလိုဝါးဖော၊ မေသူကျော်၊ နောက်တန်းတွင် ခင်သန်းဝေ၊ ဇင်မာဝင်း၊ ဝေေ၀အောင်၊ ဖူးပွင့်ခိုင် နှင့် ဂိုး – မြဖူးငုံ အစရှိသည့် အတောင့်တင်းဆုံး ပွဲထွက် ကစားသမား စာရင်းဖြင့် သြစတြေးလျ ယူ-၂၀ အသင်းကို ရင်ဆိုင်ကစားခဲ့သည်။
မြန်မာ အမျိုးသမီး အသင်းမှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ အရပ်အမောင်း သာလွန်မြင့်မားသည့် ကစားသမား များဖြင့် စုဖွဲ့ထားသည့် သြစတြေးလျ အသင်းကို ရှိန်မနေပဲ ၄-၄-၂ ကစားကွက်ဖြင့် သူတင်ကိုယ်တင် ယှဉ်ပြိုင် ကစားခဲ့သည်။ ပထမပိုင်းတွင် မြန်မာ အသင်း အပိုင် ဂိုးကန်သွင်းခွင့် အချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ သြစတြေးလျ အသင်း ပြန်လည် တိုက်စစ်ဆင်မှု များကိုလည်း တစ်သင်းလုံး ဆင်းပြီး ခုခံကာကွယ်နိုင်မှုကြောင့် ပြိုင်ဘက်အသင်း စိတ်ကြိုက် တိုက်စစ် ဖွင့်မကစား နိုင်အောင် ဟန့်တားနိုင်ခဲ့သည်။
ဒုတိယပိုင်း စ,စ ချင်းမှာပင် မြန်မာအသင်း ဖိကစားခဲ့ပြီး ပွဲချိန် (၅၁) မိနစ်တွင် တိုက်စစ်မှူး ခင်မိုးေ၀ မှ (၁၈) ကိုက်စည်းအတွင် အပိုင်ကန်သွင်း ယူခဲ့သည်။ သြစတြေးလျ အသင်းကလည်း လူစားလဲမှုများ ပြုလုပ်ပြီး ချေပဂိုး ရရှိရေးတိုက်စစ်ဆင် ကစားခဲ့သော်လည်း မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမား အမှားအယွင်း မရှိ ကာကွယ်နိုင်ခဲ့သည်။
လက်ကျန် ပွဲချိန်များတွင် မြန်မာအသင်း ညာတောင်ပံ ကစားသမား မေသူကျော် အစား နောက်တန်း ကစားသမားဇာခြည်ဦး ကို ထည့်ပြီး သြစတြေးလျ အသင်း တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်ကာကွယ် သွားနိုင်ခဲ့သဖြင့် သြစတြေးလျ အသင်း ချေပဂိုး မရပဲ သြစတြေးလျ အမျိုးသမီး ယူ-၂၀ အသင်း (ဝ-၁) မြန်မာ အမျိုးသမီး အသင်း ရလဒ်
ဖြင့် ပွဲပြီးဆုံးခဲ့သည်။
အာဆီယံ ချန်ပီယံရှစ် ၂၀၁၅ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် အဖြစ် အိမ်ရှင် ဗီယက်နမ် အမျိုးသမီး အသင်းနှင့် ထိုင်း အမျိုးသမီး အသင်းတို့ မြန်မာ-သြစတြေးလျ ပွဲအပြီး မြန်မာစံတော်ချိန် ည (၇) နာရီ၌ ယှဉ်ပြိုင် ကစားရာ သာမန်ပွဲကစားချိန် အတွင်း တစ်ဂိုးစီ သရေကျနေပြီး အချိန်ပို မိနစ် (၃၀) ဆက်ကစားရာ အချိန်ပိုအတွင်း ထိုင်းက (၁) ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗီယက်နမ် အသင်းက ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သည့် အတွက် ပွဲအပြီးတွင် ထိုင်း အမျိုးသမီး အသင်းက ဗီယက်နမ် အမျိုးသမီး အသင်းကို (၂) ဂိုး (၁) ဂိုး ဖြင့် အနိုင်ရယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
သြစတြေးလျ အမျိုးသမီး ယူ-၂၀ အသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင် ကစားရမည့် အာဆီယံ ချန်ပီယံရှစ် တတိယနေရာ လုပွဲအား မေလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၃း၃၀) နာရီတွင်လည်းကောင်း မြန်မာ အမျိုးသမီး အသင်းနှင့် ထိုင်း အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ရမည့် ဗိုလ်လုပွဲအား ယင်နေ့မြန်မာစံတော်ချိန် ညနေ (၆း၃၀) နာရီ တွင်လည်းကောင်း၊ ဟိုချီမင်းမြို့၊ သောင်ညတ် အားကစားကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။