MFF ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရန် နောက်ဆုံးရက်အထိ အမည်စာရင်း ပေးသွင်းသူမရှိခဲ့
August 26, 2015Myanmar National Team Training in UAE
August 26, 2015၁။ မေး – ဥက္ကဋ္ဌ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် သိပါရစေ။
ဖြေ – (၂၆-၉-၂၀၁၅) ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် အစီအစဉ် တစ်ရပ် အနေဖြင့် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပါသည်။
၂။ မေး – ရွေးကောက်ပွဲနှင့် ပတ်သတ်၍ ကြိုတင်အသိပေး အကြောင်းကြားထားခြင်း ရှိပါသလား။
ဖြေ – ရှိပါသည်။
(၂၆ – ၇- ၂၀၁၅) ရက်နေ့က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ပြည်နယ်/တိုင်း ဒေသကြီး ဘောလုံးအဖွဲ့အစည်းများ လိဂ်အသင်းများနှင့် ကော်မတီများမှ ကိုယ်စားလှယ် အားလုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းနှင့် အညီ (၂)လ ကြိုတင်၍ အသိပေး ရှင်းလင်းကြေညာပြီး ဖြစ်ပါသည်။
၃။ မေး – ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးနေ့ရက်ကို သိပါရစေ။
ဖြေ – (၂၆ – ၈- ၂၀၁၅) ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ တင်သွင်းရပါမည်။
၄။ မေး – ဥက္ကဋ္ဌလောင်းအဖြစ် လက်ခံခြင်း ရှိမရှိ အတည်ပြုကြောင်း မည်သို့ ပြန်ကြားပေးမည်ကို သိလိုပါသည်။
ဖြေ – ဥက္ကဋ္ဌလောင်း လျှောက်လွှာတင်သွင်းသည့် နေ့မှစ၍ (၁၀)ရက်အတွင်း ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းအရ စိစစ်အကြောင်းပြန်ကြား ပေးသွားမည်ဖြစ်ပါသည်။
၅။ မေး – မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌရွေးချယ်ရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းတာဝန်ကို သိလိုပါသည်။
ဖြေ – မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် ရွေးကောက်ပွဲ ဥပေဒေ စည်းမျဉ်းနှင့်အညီ အတည်ပြုသော ဥက္ကဋ္ဌလောင်းများထဲမှ ဥက္ကဋ္ဌ တစ်ဦးကို မဲပေးရွေးကောက်ရာတွင် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဥပဒေ နှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။
၆။ မေး -ဘောလုံးအဖွဲ့ချုပ်မှ ဝန်ထမ်းများ အနေဖြင့် နှစ်သက်ရာ ဥက္ကဋ္ဌလောင်းကို ထောက်ခံဆောင်ရွက်နိုင်ခြင်း ရှိပါသလား။
ဖြေ – မရှိပါ။
၇။ မေး – မဲပေးပိုင်ခွင့် ရှိသူများ အနေဖြင့် မဲပေးခြင်းမပြုပဲ နေလိုက နေနိုင်ပါသလား။
ဖြေ – နေနိုင်ပါသည်။ မိမိကိုယ်စားပြုသည့် အဖွဲ့၏ သဘောထား အရသာ ဖြစ်ရပါမည်။
၈။ မေး – ဥက္ကဋ္ဌလောင်းများ အနေဖြင့် ၎င်းတို့ဆန္ဒအရ ဥက္ကဋ္ဌလောင်းအဖြစ်မှ နှုတ်ထွက်ခွင့် ရှိပါသလား။
ဖြေ – ရှိပါသည်။
နှုတ်ထွက်လိုပါက ရွေးကောက်ပွဲ မကျင်းပမီ ရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင် အကြောင်းကြားရပါမည်။
ရွေးကောက်ပွဲ ကျင်းပစဉ် နှုတ်ထွက်လိုပါက ဆန္ဒမဲပေးခြင်း အစီအစဉ် မပြုလုပ်မီ တရားဝင် ကြိုတင် အကြောင်းကြားရပါမည်။
၉။ မေး – ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ပတ်သတ်၍ ထူးခြားသော နေ့ရက်များ ရှိပါသလား။
ဖြေ – ရှိပါသည်။
– ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ကြေညာသည့်နေ့ (၂၆-၇-၂၀၁၅)
– ဥက္ကဋ္ဌလောင်း အမည်စာရင်း စတင်လက်ခံသည့်နေ့ (၂၇-၇-၂၀၁၅)
– ဥက္ကဋ္ဌလောင်း အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးနေ့ (၂၆-၈-၂၀၁၅)
– ရွေးကောက်ပွဲ ကျင်းပမည့်နေ့ (၂၆-၉-၂၀၁၅)
၁၀။ မေး – မဲပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းများကို သိခွင့်ရှိပါသလား။
ဖြေ- ရှိပါသည်။
-ပြည်နယ်/တိုင်းဒေသကြီး (၁၄)ခုရှိ ဘောလုံးဆပ်ကော်မတီ (၁၄)ခု – ၁၄ မဲ
– မြန်မာနေရှင်နယ်လိဂ် (၁) အသင်း၁၂ သင်း – ၁၂ မဲ
– မြန်မာနေရှင်နယ်လိဂ် (၂)အသင်း ၁၀ သင်း – ၁၀ မဲ
-ကော်မတီ (၅)ခု – ၅ မဲ
(ဒိုင်၊ဖူဆယ်နှင့်သဲသောင်ပြင်၊ အမျိုးသမီး ဘောလုံး၊ နည်းပြများ၊ လက်ရွေးစင်ဟောင်းများ
စသည့်ကော်မတီများ)
စုစုပေါင်း မဲပေးနိုင်သည့် အရေအတွက် = ၄၁ မဲ
ရွေးကောက်ပွဲ ကော်မရှင်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်