AYA Bank အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ MIC ဗိုလ်စွဲ
September 1, 2015ရှုံးပွဲမရှိ စံချိန်ဖြင့် ဆောက်သမ်းမြန်မာ အသင်း MNL-2 ဆုဖလား သိမ်းပိုက်
September 6, 2015စက်တင်ဘာ (၇)ရက်နေ့ ညနေ(၆း၀၀)နာရီ YTC ကွင်းတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် အသင်းနှင့် နယူးဇီလန် လက်ရွေးစင် အသင်းတို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မနက်(၁၁း၀၀)နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ အား Match Coordination Meeting အပြီးတွင် ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာအသင်း နည်းပြ ရက်ဒီ အဗရာမိုဗစ်ချ်၊ အသင်းခေါင်းဆောင် ရန်အောင်ကျော်၊ နယူးဇီလန် အသင်းနည်းပြ အန်ထော်နီ ဟတ်ဆန်၊ အသင်းခေါင်းဆောင် ဝင်စတန် ရိဒ် တို့မှ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားပေးခဲ့သည်။
” မနက်ဖြန်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ကစားသမား အနည်းငယ်ပြောင်းလဲ အသုံးပြုမှာပါ။ ကျွန်တော့် အနေနဲ့လည်း မြန်မာ ယူ၂၀ ၊ ယူ၂၃ အသင်းက ကစားသမားတွေကို ရွေးချယ်ခေါ်ယူပြီး အသင်းကောင်း တစ်သင်းအဖြစ် စုစည်းနေဆဲပါ။ အခုအနေအထားမှာ ဘယ်နည်းပြပဲ လာလုပ်လုပ် ကူဝိတ်နဲ့ပွဲလို ရလဒ်မျိုး ခပ်ဆင်ဆင် ပေါ်ထွက်လာမှာပါပဲ။ အရမ်းရလဒ် ဆိုးနေတဲ့ နည်းပြတစ်ယောက်ကို ဆက်ပြီးတာဝန် ပေးသင့်မသင့် ဆုံးဖြတ်တာက ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံး အဖွဲ့ချုပ်တွေတိုင်းက ဆုံးဖြတ်ကြတာ ချည်းပါပဲ။ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်လို့ မရပါဘူး။ အရင် တာဝန်ယူခဲ့တဲ့ စင်ကာပူ အသင်းမှာရှိစဉ်ကလည်း ဒီလိုပဲ အီရန်၊ အိုမန်တို့ကို (၇)ဂိုးဖြတ် ရှုံးဖူးတယ်။ အချိန်တစ်ခု ရလာတဲ့ အခါမှာတော့ ကျွန်တော်က စင်ကာပူကို ဆူဇူကီး ဖာလား (၃)ကြိမ်တိုင် ယူပေးနိုင်ခဲ့ပါတယ်။” ဟု မြန်မာအသင်း နည်းပြက ဆိုသည်။
” မြန်မာအသင်း ပွဲကို ကျွန်တော်တို့ ကြည့်ထားခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ အားသာချက် အားနည်းချက်ကို မပြောလိုပါဘူး။ လေးလေးစားစားပဲ ယှဉ်ပြိုင် သွားမှာပါ။ မြန်မာပြည် ရောက်တဲ့အခါမှာ ကောင်းကောင်း လေ့ကျင့်မှု တွေပြုလုပ်နိုင်ခဲ့ပါတယ်။ ခြေစမ်းပွဲက ကျွန်တော်တို့အတွက် အကျိုးရှိမှာပါ။ အသင်းမှာ ယူ၂၀ ကစားသမားတွေ ပါလာတယ်။ ဒီညမှာ မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ပွဲထွက်စာရင်း ကို ရွေးထုတ်သွားမှာပါ။” ဟု နယူးဇီလန် နည်းပြ ဟတ်ဆန်က မီဒီယာများအား ပြောကြားခဲ့သည်။
မြန်မာနှင့် နယူးဇီလန် တို့ခြေစမ်းပွဲ မတိုင်မီ ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည် ဖြစ်သကဲ့သို့ အနုပညာ ရှင်များ ဘောလုံး အသင်းနှင့် မြန်မာ့ လက်ရွေးစင် ဟောင်းများ ခြေစမ်းပွဲလည်း ပါဝင်မည် ဖြစ်သည်။ ခြေစမ်းပွဲ အား ရေဘေး ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပွဲအဖြစ် ကစားခြင်းဖြစ်ပြီး ရရှိလာသည့် ကွင်းဝင်ကြေးများ အားလုံးကို လှူဒါန်းသွားမည် ဖြစ်သည်။