FIFA 11 For Health ပရိုဂရမ်၏ ၂၀၁၅/၁၆ ခုနှစ် အတွက် နည်းပြဆရာ သင်တန်း ဖွင့်လှစ်
October 19, 2015MFF U13 Girls 100 PLUS Super Cup 2015 ပြိုင်ပွဲ အောက်တိုဘာ ၂၄ ရက်နေ့ စတင်ကျင်းပမည်
October 21, 2015မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ (ယူ-၂၁) လူငယ်ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်များအား ယနေ့ကျင်းပရာ ရန်ကုန် ယူနိုက်တက် အသင်းသည် အိမ်ကွင်း YUSC မြက်ခင်းတု ကွင်းတွင် ဇေယျာရွှေမြေကို အနိုင်ယူပြီး (၂၂)ပွဲကစား ရမှတ် (၅၄)မှတ်ဖြင့် ချန်ပီယံ ဆုဖလားအား သိမ်းပိုက်နိုင်ခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်းသည် ယခုနှစ်တွင် စီနီယာ အသင်းကြီးရော လူငယ် အသင်းပါ ချန်ပီယံ ဆုဖလားများ ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲတွင် ဒုတိယဆုအား ရတနာပုံ အသင်းက ရမှတ် (၄၈) မှတ်ဖြင့်လည်းကောင်း၊ တတိယဆုကို MFF Youth အသင်းက ရမှတ် (၄၀)မှတ်ဖြင့် လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။
ရန်ကုန်နှင့်ဇေယျာရွေမြေ လူငယ်အသင်း ပွဲစဉ်အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ MFF အမှုဆောင် ဦးမိုးဆန်းအောင်နှင့် MFF အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်တို့က တတိယ ဆုရ MFF Youth အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ဒုတိယဆုရ ရတနာပုံ အက်ဖ်စီ လူငယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး ကျပ်သိန်း(၁၀၀) အားချီးမြှင့်ပေး ခဲ့ပြီး ဇွဲကပင် အသင်းပိုင်ရှင်နှင့် MFF အမှုဆောင် အဖွဲ့ဝင် ဦးလှဌေးက ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး ကျပ်သိန်း (၂၀၀) အား ပေးအပ် ချီးမြှင့်ခဲ့သည်။ အစီအစဉ်အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလားအား ချီးမြှင့်ရာ ရန်ကုန်ယူနိုက်တက် အသင်းသားများ လက်ခံရယူခဲ့ပြီး ဆုပေးပွဲ အခမ်းအနား ရုတ်သိမ်းခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ (ယူ-၂၁) လူငယ်ပြိုင်ပွဲကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အသင်းပေါင်း (၁၃)သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး MNL 1 လူငယ်အသင်းများနှင့် MFF Youth အသင်းတို့ ၂-ကျော့စနစ် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။