
ယူ-၁၃ မိန်းကလေး ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်တို့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထား
October 26, 2015
မြန်မာ့လက်ရွေးစင် အသင်းနည်းပြများနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေ
October 26, 2015၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် Ooredoo MNL 2015 ပြိုင်ပွဲကြီးက လာမည့် စနေနှင့်တနင်္ဂနွေ ဆိုလျင် ကန့်လန်ကာချရတော့မည်ဖြစ်သည်။ တစ်သင်းလျင် ၂၂ ပွဲတိတိ ကစားရသည့် လိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းက ပွဲမကုန်မီ ချန်ပီယံဖြစ်သွားခဲ့ပြီး (၄)ကြိမ်တိတိ အမှတ်ပေး ချန်ပီယံဆုဟူသော ဂုဏ်သိက္ခာကို ရယူထားနိုင်ခဲ့ပြီဖြစ်သည်။ လိဂ်ပြိုင်ပွဲတစ်ခု၏ စိတ်လှုပ်ရှားဖွယ်ရာများက ချန်ပီယံဆု အတွက်သာမဟုတ်။ နိုင်ငံတကာ ကလပ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် ရရေးနှင့် တန်းဆင်းဇုန် တိုက်ပွဲများအထိ စိတ်လှုပ်ရှားရသည်ဖြစ်၏။ ယခုနှစ် လိဂ်ပြိုင်ပွဲသည်လည်း ထိုနည်းတူပင်။ နောက်ဆုံးအပတ် ပွဲစဉ်ဖြစ်သည့် ၂၂ ပတ်မြောက်ပွဲစဉ်အထိ တန်းဆင်းဇုန်တွင် မည်သည့်အသင်းများ တန်းဆင်းမည်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။ ၂၁ ပွဲစီ ကစားပြီးနောက် တန်းဆင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနေသည်က အဆင့်(၁၀) မနောမြေ အက်ဖ်စီ၊ အဆင့်(၁၁) ရခိုင် ယူနိုက်တက်နှင့် အဆင့် (၁၂) နေပြည်တော် အက်ဖ်စီတို့ပင် ဖြစ်သည်။
၂၂ ပတ်မြောက်ပွဲစဉ်များရဲ့ တန်းဆင်းဇုန် တိုက်ပွဲ
၂၁ ပွဲစီ ကစားထားသည့် လိဂ်အမှတ်ပေးဇယား Standing Table အရ တန်းဆင်းဇုန်တွင် ရှိနေသည့် မနောမြေ၊ ရခိုင်နှင့် နေပြည်တော် အက်ဖ်စီအသင်းတို့မှာ လာမည့် အောက်တိုဘာ ၃၀၊ ၃၁ ရက်နေ့များတွင် MNL တွင်ဆက်ရှိနေရေး အတွက် အဆုံးအဖြတ် ပွဲစဉ်များ (တနည်းအားဖြင့် တန်းဆင်းဇုန် တိုက်ပွဲများ)ကို ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ယင်းတို့ ပွဲစဉ်များကို ကြည့်လိုက်တော့ အောက်ပါ အတိုင်း ဖြစ်သည်-
အဆင့် (၁၀) မနောမြေ နှင့် အဆင့် (၂) ရတနာပုံ (ဗထူးကွင်း)
အဆင့် (၁၁) ရခိုင် နှင့် အဆင့် (၄) ကမ္ဘောဇ (အောင်ဆန်းကွင်း)
အဆင့် (၁၂) နေပြည်တော် နှင့် အဆင့် (၉) ဟံသာဝတီ
ဗထူးကွင်းမှာ ခက်ခဲတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမယ့် မနောမြေ
အဆင့် (၁၀)မှာ ရပ်တည်နေသည့် မနောမြေ အသင်းအတွက် နောက်ဆုံးပွဲစဉ်မှာ အောက်တိုဘာ ၃၁ ရက်နေ့၊ ညနေ(၄း၀၀)နာရီ၊ မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင် ကစားရမည့် ရတနာပုံ အသင်းနှင့်ပွဲစဉ်ဖြစ်သည်။ လက်ရှိ ရတနာပုံ အသင်းက အဆင့်(၂) နေရာတွင် ရပ်တည်နေသည့် အသင်းကြီး တစ်သင်းဖြစ်သလို ကစားသမား အင်အားကလည်း မနောမြေ အသင်းထက် တောင့်တင်းသည်မှာငြင်းမရပေ။ ပို၍ ခက်ခဲမည်က အဝေးကွင်း ဖြစ်သည့် ရတနာပုံအသင်း အိမ်ကွင်း (ဗထူးကွင်း)သို့ သွားကစား ရခြင်းဖြစ်သည်။ မနောမြေ အသင်းအတွက်ကတော့ ၂၁ ပတ်မြောက်ပွဲစဉ်ဖြစ်သည့် ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့က အောင်ဆန်းကွင်းတွင် ဧရာဝတီလို အသင်းမျိုးကို အနိုင်ရလိုက်သည့်အတွက် စိတ်ဓာတ်နှင့် ယုံကြည်မှုအပိုင်း အမြင့်ဆုံး ရောက်လာမည်မလွဲပေ။ ရတနာပုံနှင့် အဝေးကွင်း ပွဲစဉ်တွင်လည်း ထိုကဲ့သို့ ရလဒ်ကောင်းခဲ့ပါလျင် မနောမြေအသင်း သေချာပေါက် တန်းဆင်းရန်မရှိ။ ရတနာပုံကို နိုင်သည်နှင့် ရမှတ် (၂၂)မှတ်ဖြင့် နောင်နှစ် MNL တွင်ဆက်ရှိနေမည်ဖြစ်သည်။
အခြား ထည့်သွင်းစဉ်းစားရမည့် အချက်မှာ မနောမြေအသင်း တန်းမဆင်းရေး အတွက် ရခိုင်၊ နေပြည်တော် စသည့်အသင်းများ၏ ရလဒ်ကိုပင်ဖြစ်သည်။ ရခိုင်ရော နေပြည်တော်ပါ ယင်းတို့ ပြိုင်ဘက်များကို အရေးနိမ့်လျင် မနောမြေသည် ရတနာပုံကို ရှုံးနိမ့်စေဦးတော့ အဆင့်(၁၀)နေရာမှာပင် ဆက်လက်ရပ်တည်နေနိုင်မည်ဖြစ်ပြီး တန်းဆင်းရတော့မည် မဟုတ်ပေ။ မနောမြေအသင်း ပွဲမတိုင်မီ အရင်ကစားရမည့် ရခိုင်နှင့်ကမ္ဘောဇ ပွဲစဉ် (အောက်တိုဘာ ၃၀၊စနေနေ့) တွင် ရခိုင်က KBZ ကို အနိုင်ရခဲ့လျင် ရမှတ် ၂၁ မှတ်ဖြင့် အဆင့်(၁၀) နေရာသို့ ယာယီ ရောက်ရှိသွားမည် ဖြစ်ရာ မနောမြေ အသင်း အနေဖြင့် ဖိအား အနည်းငယ်ဖြစ်လာနိုင်ပါသည်။ ထိုပွဲရလဒ်ကို မစဉ်းစားသေးဘဲ မိမိအသင်း ဗထူးကွင်းတွင် ရတနာပုံကို အနိုင်ရဖို့သာ မနောမြေအသင်း အာရုံစိုက်ဖို့ လိုမည်ဖြစ်သည်။
KBZ ကို မဖြစ်မနေ နိုင်ထားဖို့ လိုနေတဲ့ ရခိုင် ယူနိုက်တက်
အဆင့် (၁၁)နေရာမှ ရခိုင်ယူနိုက်တက် အသင်းအတွက် အောက်တိုဘာ ၃၀ (စနေနေ့)၊ အောင်ဆန်းကွင်းပွဲစဉ်သည် မဖြစ်မနေ အနိုင်(၃)မှတ် ရရှိထားရန် လိုသည့် ပွဲစဉ်ဖြစ်သည်။ ပြိုင်ဘက်က နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ကောင်း လာသည့် KBZ အသင်းပင်ဖြစ်သည်။ ရခိုင် ယူနိုက်တက် အတွက် မလွယ်သော်လည်း အောင်ဆန်းကွင်းတွင် ကစားရမည်ဖြစ်၍ တောင်ကြီးမြို့သို့ သွားရောက် ကစားရသည်ထက် အနည်းငယ် အသက်ရှုချောင်သည်ဟု ပြောရမလိုပင် ဖြစ်သည်။ Ooredoo MNL 2015 ဒုတိယ အကျော့တွင် ရခိုင်ယူနိုက်တက် အသင်းခြေစွမ်း ပိုကောင်းလာသည်မှာ မှန်သော်ငြား ရလဒ်ကတော့ တည်ငြိမ်မှု မရှိပေ။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၅ တွင် ဆီမီးဖိုင်နယ် တက်သည်အထိ မမျှော်လင့်သော ခြေစွမ်းမျိုး ရခဲ့သော်လည်း လိဂ်ပွဲစဉ်များတွင် ပုံမှန်ခြေစွမ်းမျိုး မရှိသည်ကို တွေ့ရသည်။
KBZ ကိုရင်ဆိုင်မည့် ပွဲစဉ်တွင်တော့ ရခိုင်ယူနိုက်တက်အသင်း ပေါက်ကွဲအား မည်သို့ရှိမည်ကို ကြည့်ရှုရမည်ဖြစ်သည်။ KBZ နှင့်ပွဲတွင် အနိုင်(၃)မှတ် ရထားပါမှ နောက်တစ်နေ့ မနောမြေနှင့် ရတနာပုံ ပွဲစဉ်ကို အဓိပါ္ပယ်ရှိရှိ စောင့်ကြည့်နိုင်မည် ဖြစ်သည်။ မနောမြေ၊ နေပြည်တော် စသည့်အသင်းများထက် တစ်ရက်ကြို၍ ကစားရမည်ဖြစ်ရာ ရခိုင်ယူနိုက်တက် အသင်း မဖြစ်မနေ (၃)မှတ် လက်ဦးမှု ရယူထားဖို့ လိုပေသည်။ KBZ ကိုသာ အရေးနိမ့်ခဲ့လျင်တော့ မဖြစ်မနေ တန်းဆင်းရတော့မည် ဖြစ်ပြီး သရေဆိုလျင် ရတနာပုံက မနောမြေကို အနည်းဆုံး (၅)ဂိုးပြတ်နိုင်မှ၊ ဟံသာဝတီက နေပြည်တော်ကို နိုင်မှသာ ရခိုင်အတွက် မျှော်လင့်ချက် ရှိလာမည်ဖြစ်သည်။
နေပြည်တော်အတွက် မျှော်လင့်ချက် ရှိမလား
နေပြည်တော် အက်ဖ်စီအသင်း လက်ရှိအနေအထားက အမှတ်ပေးဇယား အောက်ခြေ၊ အဆင့်(၁၂) နေရာတွင်ဖြစ်သည်။ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် အောက်တိုဘာ ၃၁ ရက်နေ့(တနင်္ဂနွေ) ပွဲစဉ်သည် အိမ်ကွင်းဖြစ်သည့် ပေါင်းလောင်း ကွင်းတွင် ဟံသာဝတီ အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သော်ငြား နေပြည်တော် အသင်း အနိုင်ရလျင်သော်မှ အဆင့်(၁၀) မနောမြေနှင့် အဆင့်(၁၁) ရခိုင် ယူနိုက်တက်တို့ ကိုယ်စီရှုံးပွဲတွေ့မှသာ တန်းမဆင်းရရေး မျှော်လင့်ချက် ရှိမည်ဖြစ်သည်။ ဟံသာဝတီ အသင်းက လက်ရှိတွင် ရမှတ် ၂၁ မှတ်ရရှိထားပြီး ဂိုးကွာခြားချက် အရလည်း တန်းဆင်းဇုန် အသင်းများနှင့် ကွာဟလွန်းသောကြောင့် နောင်နှစ် MNL တွင်ဆက်ရှိမည့်အသင်းဟု ဆိုနိုင်ပြီဖြစ်သည်။ နေပြည်တော်မှာမူ အိမ်ကွင်းတွင် ဟံသာဝတီကို အနိုင်ရစေဦးတော့ ရမှတ်က ၂၀ မှတ်သာ ရှိမည်ဖြစ်ရာ မနောမြေ (ရမှတ် ၁၉)၊ ရခိုင် (ရမှတ် ၁၈)တို့ ပွဲစဉ်များကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ တန်းဆင်းဇုန် အဓိက ပြိုင်ဘက် ၂ သင်းစလုံး နိုင်ပွဲ ပျောက်ဆုံးမှသာလျင် နေပြည်တော်၏ အနိုင်သည် အဓိပ္ပါယ်ရှိမည်ဖြစ်သည်။ အကယ်၍ မနောမြေက ရတနာပုံကို နိုင်လျင် ပွဲပြီးသွားပြီဟု ဆိုနိုင်ပြီး မနောမြေနှင့်ရတနာပုံ သရေကျလျင် နေပြည်တော် အသင်း ရမှတ် (၂၀) ရရှိရေးအတွက် အနိုင်ကစားရမည့် အပြင် ဂိုးပြတ်ဖို့ပါလိုလာမည် ဖြစ်သည်။ ဂိုးကွာခြားချက်က မနောမြေက လက်ရှိ အသာစီး ရနေသည်မဟုတ်လော။ သို့သော်လည်း နောက်ထပ် ပြိုင်ဘက် အသင်းဖြစ်သည့် ရခိုင်ယူနိုက်တက်က KBZ ကိုအရေးနိမ့်မှ (သို့) သရေကျ ထားမှသာလျင် နေပြည်တော်အသင်း လိုချင်သော အခြေအနေသို့ ရောက်မည်ဖြစ်ပါသည်။ မျှော်လင့်ချက်ကတော့ မနော်မြေနှင့်ရခိုင်တို့ထက်စာလျင် ခပ်ပါးပါး ဖြစ်သော်လည်း လက်ရှိ လိဂ်ပြိုင်ပွဲ အနေအထားက မဖြစ်နိုင်ဘူးဟူ၍ ပြောလို့မရသည့် အနေအထားပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုနှစ် လိဂ်ပြိုင်ပွဲ၏ အသင်းအချင်းချင်း ပြိုင်ဆိုင်မှုက ယခင်နှစ်များထက် ပို၍ ပြင်းထန်လာသည်။ ရမှတ် (၂၀)အထိ ရရှိထားရုံမျှ တန်းမဆင်းရရေးအတွက် စိတ်မချရသည် ပြိုင်ပွဲဖြစ်သည်။ ယခင်နှစ် MNL 2014 ပြိုင်ပွဲတွင် တန်းဆင်းသွားရသည့် အသင်း(၂)သင်း ရရှိသည့်အမှတ်က ဆောက်သမ်းမြန်မာ (၁၂)မှတ်၊ GFA (၁၀)မှတ် တို့သာဖြစ်သည်။ အဆင့်(၁၀)အသင်း ဖြစ်သည့် ချင်းယူနိုက်တက်က ရမှတ်(၂၀)အထိ ရရှိခဲ့သည်။ ယခုနှစ် Ooredoo MNL 2015 မှာတော့ အမှတ်ကွာဟမှုက လွန်စွာ ကျဉ်းမြောင်းသွားခဲ့ပြီး အသင်းအချင်းချင်း အကြား ပြိုင်ဆိုင်မှုလည်း ပို၍ ပြင်းထန်လာခဲ့ပြီဖြစ်သည်။ အမှတ်ပေးဇယား အလယ်မှ အသင်းနှင့် တန်းဆင်းဇုန်မှ အသင်းများ အမှတ်ကွာဟချက်က (၅)မှတ်ခန့်သာ ဖြစ်သည်။ MNL သည် တစ်နှစ်ထက် တစ်နှစ်ပို၍ ကျစ်လစ် တောင့်တင်းသော လိဂ်ပြိုင်ပွဲဖြစ်လာပြီး အနာဂတ်တွင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာမည့် လိဂ်ပြိုင်ပွဲဟု ဆိုနိုင်သည်မှာ တန်းဆင်းဇုန် တိုက်ပွဲများက သက်သေတည်နေပြီဖြစ်လေ၏။
