MNL-2 ရာသီသစ်တွင် ကလပ်အသစ် (၃)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်
October 29, 2015ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီးအသင်း ရန်ကုန်လေဆိပ်မှ ထွက်ခွာ
November 2, 2015မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ 100 PLUS မှအဓိက စပွန်ဆာအဖြစ် ပံ့ပိုးကူညီသည့် MFF U13 Girls 100 PLUS Super Cup 2015 တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၃ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ ညနေ(၄း၀၀)နာရီက ရန်ကုန်မြို့ ပဒုမ္မာ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး အမျိုးသမီး အသင်းက ရန်ကုန် တိုင်းဒေသကြီးအမျိုးသမီး အသင်းကို (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားအား ရယူသွား နိုင်ခဲ့သည်။ ယနေ့ မနက်ပိုင်းက ကျင်းပသည့် တတိယနေရာလုပွဲတွင်မူ ရှမ်း(တောင်)က ပဲခူး (အရှေ့)ကို (၃-ဝ)ဂိုးဖြင့် အနိုင်ရပြီး တတိယ ဆုရရှိသွားခဲ့သည်။
ဗိုလ်လုပွဲစဉ် ပြီးနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ စတုတ္တနေရာရ ပဲခူး(အရှေ့) အသင်းအား ဆုငွေ ကျပ်(၅)သိန်းကို အမျိုးသမီး ဘောလုံးကော်မတီဝင် ဒေါ်မီးမီးမှ ချီးမြှင့်ခဲ့သည်။ တတိယဆု ရရှိသည့် ရှမ်း(တောင်) အသင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်က ဆုတံဆိပ်နှင့် ဆုကြေး ကျပ်(၁၀)သိန်း၊ ဒုတိယဆုရ ရန်ကုန်တိုင်း အသင်းကို အမျိုးသမီး ဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စပါယ်ကြည်က ဆုတံဆိပ်နှင့်ဆုကြေး ကျပ်(၁၅)သိန်း၊ ပထမဆုရ ဧရာဝတီတိုင်း အသင်းကို MFF အမှုဆောင်၊ ဇွဲကပင် ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှဌေးက ဆုတံဆိပ်နှင့် ဆုကြေး ကျပ် သိန်း(၂၀) ချီးမြှင့်ခဲ့ပြီး ချန်ပီယံဆု ဖလားကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမားများအား ပေးအပ်ချီးမြှင့်ခဲ့သည်။
MFF U13 Girls 100 PLUS Super Cup 2015 ပြိုင်ပွဲအား အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ (၁)ရက်နေ့အထိ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံပညာ အဆင့် အသင်းပေါင်း (၁၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာမည့် နှစ်များတွင်လည်း အဆိုပါ ကစားသမားများ ဆက်လက် ယှဉ်ပြိုင်နိုင်ရေးအတွက် ယူ-၁၄ အဆင့်ပြိုင်ပွဲများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။
MFF U13 Girls 100 PLUS Super Cup 2015 ပြိုင်ပွဲဝင် အသင်းများ
အုပ်စု(က)
၁။ ကယားပြည်နယ်
၂။ ရှမ်း(တောင်) (တတိယဆု ရရှိ)
၃။ ကရင်ပြည်နယ်
၄။ ရှမ်း (အရှေ့)
၅။ ပဲခူး (အနောက်)
အုပ်စု(ခ)
၁။ ရခိုင်ပြည်နယ်
၂။ ပဲခူး (အရှေ့)
၃။ မွန်ပြည်နယ်
၄။ ဧရာဝတီ တိုင်းဒေသကြီး (ချန်ပီယံဆု ရရှိ)
အုပ်စု(ဂ)
၁။ မကွေးတိုင်း ဒေသကြီး
၂။ ကချင်ပြည်နယ်
၃။ ရှမ်း (မြောက်)
၄။ စစ်ကိုင်းတိုင်း ဒေသကြီး
၅။ ရန်ကုန်တိုင်းဒေသကြီး (ဒုတိယဆု ရရှိ)
အုပ်စု(ဃ)
၁။ မန္တလေးတိုင်း ဒေသကြီး
၂။ နေပြည်တော်
၃။ တနင်္သာရီတိုင်းဒေသကြီး
၄။ ချင်းပြည်နယ်