ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၁ အသင်း ထွက်ခွာ
November 18, 2015ပရိသတ် အကြိုက် ခြေစွမ်းနဲ့ လာအိုကလပ်ကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ် အတွက် အားသာသွားတဲ့ ရန်ကုန်
November 22, 2015MNL ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းယှဉ်ပြိုင် ကစားမည့် Toyota Mekhong Club Championship 2015 ပြိုင်ပွဲအတွက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလဲ ၁၂း၃၀ နာရီက ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်တွင် ကျင်းပခဲ့ရာ ရန်ကုန်ယူူနိုက်တက် အသင်းနည်းပြအုပ်ချုပ် အဖွဲ့ဝင်များ၊ကစားသမားများ၊၊ လာအိုတိုယိုတာ အသင်း နည်းပြများနှင့် ကစားသမားများ၊ အဓိက စပွန်ဆာ တိုယိုတာမှ တာဝန်ရှိသူများ၊ MFF တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
Toyota Mekhong Club Championship ပြိုင်ပွဲအား မြန်မာ ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့် MNL လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းသည် မနက်ဖြန် နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ (၄)နာရီတွင် ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဧည့်သည် လာအိုတိုယိုတာ အက်ဖ်စီ အသင်းအား YTC ကွင်းတွင် ဧည့်ခံ ကစားရမည်ဖြစ်သည်။
” ရန်ကုန်ယူနိုက်တက် အသင်းက တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်းပါ။ ရန်ကုန် အသင်းမှာ လက်ရှိ မြန်မာ့လက်ရွေးစင် ကစားသမားတွေ ပါဝင်သလို ကစားပုံလည်း ကောင်းပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ပြိုင်ဘက် အသင်းရဲ့ ကစားပုံကို Social Media တွေကတစ်ဆင့် လေ့လာထားသလို You Tube ကနေ ပြိုင်ဘက် ကစားပုံကိုကြည့်ပြီး လေ့လာထားပါတယ်။ လေ့လာထား သလောက်က ရန်ကုန်အသင်းဟာ တောင့်တင်းတဲ့အသင်း ဖြစ်ပြီး ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားရမှာပါ။ ပြီးခဲ့တဲ့ ကမ္ဘောဒီးယား ကလပ် Boeung Ket Angkor အသင်းကို ပွဲဦးထွက်မှာ (ဝ-၂) ဂိုးနဲ့ အရေးနိမ့်ထားတာကြောင့် မနက်ဖြန် ပွဲစဉ်ကို အနိုင်ရအောင် ကြိုးစားသွားမှာပါ။ ရှုံးနိမ့်ခဲ့တဲ့ ပွဲက အားသာချက် အားနည်းချက်တွေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်သွားပါမယ်။ မနက်ဖြန် ရန်ကုန်နဲ့ ပွဲကတော့ နှစ်သင်းစလုံးအတွက် ခက်ခဲမယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာပါ” ဟု လာအိုတိုယိုတာ အသင်း ယာယီနည်းပြ Silisantiphab ကပြောသည်။
လာအို တိုယိုတာ အသင်းသည် နည်းပြချုပ် ဒေးဗစ်ဘုသ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ပြီး ပြည်တွင်းနည်းပြ များဖြင့် ယခုပြိုင်ပွဲအား ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အသင်းတွင် လာအို လက်ရွေးစင် ကစားသမား (၇၀)ရာခိုင်နှုန်း ပါဝင် ကစားနေကြောင်းနှင့် ပြီးခဲ့သည့် မြန်မာနှင့်လာအို ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ကစားခဲ့သော လာအို လက်ရွေးစင် ၄ ဦးပါဝင်နေကြောင်း သိရသည်။
” ဒီပြိုင်ပွဲမှာ အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့် တက်ရမယ့်လို့ ပြောနိုင်တာက ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေလည်း ရှိသလို အသင်းရဲ့ တောင့်တင်းမှုအရလည်း ဒီလို ပြောနိုင်ခြင်းဖြစ်ပါတယ်။ အသင်းကိုလည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ပြိုင်ဘက်တွေရဲ့ နည်းစနစ်တွေကိုလည်း Video File တွေကြည့်ပြီး လေ့လာထားသလို မိမိအသင်း အားသာချက် အားနည်းချက်တွေကို လည်းစနစ်တကျ သုံးသပ်ပြီး မနက်ဖြန် ပွဲ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ။ မနက်ဖြန် ပွဲကတော့ ပွဲကောင်းတစ်ပွဲ ဖြစ်မှာ သေချာပါတယ်။” ဟု ရန်ကုန် ယူနိုက်တက် အသင်းနည်းပြချုပ် အီမာဆင် (ဘရာဇီးလ်)က ဆိုသည်။
ရန်ကုန်နှင့် လာအိုတိုယိုတာ ပွဲကို မြဝတီShopping Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ ယင်းပွဲအတွက် လက်မှတ်ခများမှာ အထူးတန်း (၂) ထောင်နှင့် ရိုးရိုးတန်း (၁) ထောင် ကျပ်ဖြစ်ပြီး ပွဲမစခင်တွင် နာမည်ကြီးအဆိုတော်များဖြစ်သည့် R ဇာနည်၊ နီနီခင်ဇော်၊ အိမ့်ချစ် တို့၏ ဖျော်ဖြေရေးအစီအစဉ်များ လည်းထည့်သွင်းပြုလုပ်သွားမည် ဖြစ်သည်။ ပွဲကြည့်ပရိသတ်များအတွက် ဂိမ်းစ်နှင့် ကံစမ်းမဲ အစီအစဉ်များ၊ ပရိသတ် (၅) ယောက်ပါ အုပ်စုအလိုက် ပွဲရလဒ်ခန့်မှန်းပြီး ကံစမ်းမဲဖောက်သည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။