Toyota Mekhong Club Championship ပွဲကြို သတင်းစာရှင်းလင်းပွဲ ကျင်းပ
November 21, 2015အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ၂၀၁၅ မြန်မာကလပ် MIC FC တတိယ နေရာရရှိ
November 30, 2015Toyota Mekhong Club Championship 2015 အုပ်စုပွဲစဉ် အဖြစ် မြန်မာ ကိုယ်စားပြု MNL ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် ယနေ့ ညနေ (၄း၀၀)နာရီက လာအိုချန်ပီယံ အသင်းဖြစ်သည့် လာအို တိုယိုတာ အက်ဖ်စီ အသင်းနှင့် YTC ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ ရန်ကုန် ယူနိုက်တက် အသင်းက (၅-၂) ဂိုးဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အတွက် သွင်းဂိုး အသာစီးဖြင့် အားသာချက် ရယူ သွားနိုင်ခဲ့သည်။
ယခုနှစ် ကျင်းပသည့် တိုယိုတာ မဲခေါင် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် လာအိုကလပ် လာအို တိုယိုတာ အက်ဖ်စီ၊ ကမ္ဘောဒီးယားလိဂ် ချန်ပီယံ အန်ကော အသင်းတို့နှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင် ကစားရမည် ဖြစ်ရာ ပထမပွဲစဉ်တွင် လာအို ကလပ်ကို (5-2)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ဒုတိယ ပွဲစဉ်အဖြစ် ကမ္ဘောဒီးယား ချန်ပီယံအသင်း Boeung Ket Angkor အသင်းနှင့် လာမည့် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဖနွမ်းပင် (ကမ္ဘောဒီးယား)တွင် အဝေးကွင်း သွားရောက် ကစားရမည်ဖြစ်သည်။ ကမ္ဘောဒီးယား ချန်ပီယံ အန်ကော အသင်းသည်လည်း လာအိုတိုယိုတာ အသင်းအား (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိထားရာ ရြန်ကုန် ယူနိုက်တက် အသင်းနှင့် လက်ရှိအချိန်တွင် (၁)ပွဲနိုင် (၃)မှတ်စီ ရမှတ်တူနေသော်လည်း ရန်ကုန်က သွင်းဂိုး အသာ၊ ဂိုးကွာခြား ချက်အသာဖြင့် လက်ရှိ အုပ်စုအား ဦးဆောင်လျက်ရှိသည်။ ကမ္ဘောဒီးယား မြေတွင် သွားရောက်ကစားမည့် ပွဲစဉ်တွင် သရေ ရလဒ် ရရှိသည်နှင့် ရန်ကုန်ယူနိုက်တက် အသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
” ယနေ့ ပွဲစဉ်မှာ ကျွန်တော်တို့အသင်း အတွက် အဓိက ကစားသမား (၅) ယောက်လောက် မပါနိုင်ခဲ့တာ ဆိုးရွားသွားပါတယ်။ ဒဏ်ရာနဲ့ လက်ရွေးစင် အသင်းပွဲစဉ်တွေကြောင့် အဓိက ကစားသမားအချို့ အချိန်မီ အသင်းနဲ့ လေ့ကျင့်မှု မပြုလုပ်နိုင်ခဲ့တဲ့ အတွက် ကြိုတင်ပြင်ဆင်မှု တစ်ပတ်သာ ရှိခဲ့တာကြောင့် လုံလောက်တဲ့ လေ့ကျင့်မှု မရခဲ့ပါဘူး။ ရန်ကုန် ယူနိုက်တက် အသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်တာနဲ့အညီ ဒီနေ့ပွဲမှာ အခွင့်အရေး တော်တော်များများကို ဖန်တီးနိုင်ခဲ့သလို ဂိုးအဖြစ်လည်း ပြောင်းလဲနိုင်ခဲ့လို့ ခုလို ထိုက်တန်တဲ့ အနိုင်ရလဒ် ရရှိခဲ့တာပါ” ဟု လာအိုတိုယိုတာ အသင်းနည်းပြ Silisantiphap ကဆိုသည်။
လာအို တိုယိုတာ အသင်းမှာ ကမ္ဘောဒီးယားကလပ်နှင့် မြန်မာကလပ် တို့ကိုနှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲအား နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။
” ဒီနေ့ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် နောက်ပွဲအတွက် ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမှာပါ။ ကစားသမားတွေ အားလုံးကို ဒီနေ့ အနိုင်အတွက် ဂုဏ်ပြုပါတယ်။ ဒီနေ့ပွဲကို ပြန်သုံးသပ်ပြီး ကမ္ဘောဒီးယား ကလပ်နဲ့ ပွဲစဉ်အတွက် စနစ်တကျ ပြင်ဆင်သွားပါမယ်။ ကစားသမားအသစ် အက်ဒီဆင်က ဘရာဇီးကလပ် ကိုယီသီယန်မှာ ကစားခဲ့တာ မှန်ပေမယ့် ရန်ကုန် အသင်းနဲ့ ကစားဖို့ အချိန်ယူရဦးမှာပါ။ သူဒီကို ရောက်တာ ၂ ပတ်ပဲ ရှိပါသေးတယ်။ အသင်းမှာ ခံစစ်ပိုင်း အားနည်းနေသေးတာ မှန်ပေမယ့် ကမ္ဘောဒီးယားနဲ့ ပွဲမတိုင်မီ အချိန်မီ ပြင်ဆင်သွားမှာပါ” ဟု ရန်ကုန်အသင်း နည်းပြ အီမာဆင်က ဆိုသည်။
မနောမြေ အက်ဖ်စီမှ ပြောင်းရွှေ့လာသည့် အီမာဆင်သည် ရန်ကုန် အသင်းအား ပထမဆုံး တာဝန်ယူသည့် ပွဲမှာပင် ဂိုးပြတ် အနိုင်ရလဒ်နှင့် အဖွင့်လှခဲ့သူဖြစ်ခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်းအနေဖြင့် လာမည့် MNL ရာသီသစ်အတွက် ပြင်ဆင်နေဆဲ ဖြစ်ပြီး ယခင် ကစားသမားဟောင်းများအား စာချုပ်သက်တမ်း မတိုးတော့ဘဲ ကစားသမား အသစ်အဖြစ် ဘရာဇီးလ် တိုက်စစ်မှူး အက်ဒီဆင် ကိုသာ ခေါ်ယူထားသည်။ အက်ဒီဆင်သည် ရန်ကုန်အတွက် ပွဲဦးထွက်တွင် (၂)ဂိုး သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန်နှင့် လာအိုတိုယိုတာ ပွဲစဉ်မှ ဂိုးသွင်းသူများ
ရန်ကုန် ယူနိုက်တက်
Adilson 14′, 20′, David Htan 50, Kyaw Ko Ko 61, Yan Aung Kyaw 63′
လာအို တိုယိုတာ
Kazuo 47′, Frederic 90′