MNL ကလပ်များ ယှဉ်ပြိုင်မည့် ၂၀၁၆ အာရှ ချန်ပီယံလိဂ်နှင့် AFC Cup အုပ်စုများ ထွက်ပေါ်
December 10, 2015MNL Media Officer Course သင်တန်းဖွင့်ပွဲ ကျင်းပ
December 14, 2015မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မြန်မာနေရှင်နယ်လိဂ် ကော်မတီ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ ၁၁၊ မွန်းလွဲ ၂း၀၀ နာရီက ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်တွင်း ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ဒုဥက္ကဌနှင့် ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များ၊ စီအီးအိုများ၊ တာဝန်ရှိသူများနှင့် ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အဖွင့်မှာ စကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ် စီအီးအို မစ္စတာ ဂျေဆင်းက ရာသီသစ် အတွက် ရေးဆွဲထားသည့် Calendar ကို တင်ပြခြင်း၊ လိဂ်-၂ သို့ အသင်းသစ် ၄ သင်း ဝင်ရောက်ရန် လျှောက်ထားလာမှုကို တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် Marketing ဒါရိုက်တာ ဦးဆူးအောင်က ၂၀၁၅ ခုနှစ် ဘောလုံးရာသီ အတွက် စပွန်ဆာ ရရှိခဲ့မှု၊ ၂၀၁၆ ခုနှစ် ဘောလုံးရာသီ အတွက် စပွန်ဆာ ရရှိရန် ဆောင်ရွက်မှု အနေအထားများကို တင်ပြခဲ့သည်။
ထို့အပြင် အခြားသော အကြောင်းအရာများ ဖြစ်သည့် စာချုပ်များ ချုပ်ဆိုမှု စနစ်တကျ ရှိစေရေး၊ ကစားသမားများ ကွင်းအတွင်း၊ ကွင်းအပြင် စည်းကမ်းလိုက်နာမှု ရှိစေရေး၊ ကစားသမား အေးဂျင့်များ ထွက်ပေါ်စေရေး၊ မျိုးဆက်သစ် ပြိုင်ပွဲကြီးကြပ်သူများ၊ ဒိုင်ကြီးကြပ်သူများ၊ ဒိုင်လူကြီးများ ပိုမိုမွေးထုတ် အသုံးပြုနိုင်ရေး၊ အသင်းများ အနေဖြင့် ဘဏ္ဍာရေး လျာထားချက်နှင့် ရှင်းတမ်းများ စနစ်တကျ ထားရှိရေး၊ အိမ်ကွင်းလက်ခံ နိုင်သည့် အသင်းများ ပိုမိုထွက်ပေါ်လာရေး၊ နိုင်ငံခြားသား ကစားသမား အရေအတွက် သက်မှတ်ရေး၊ Best United အသင်း၏ နှုတ်ထွက်မှုနှင့် အသင်းသစ်များကို ယခုနှစ် လိဂ်-၂ ပြိုင်ပွဲတွင် ဝင်ရောက်ခွင့် ပြုရေး အပြင် လာမည့် ရာသီတွင် အပျော်တမ်းလိဂ် ပီပီပြင်ပြင် ကျင်းပနိုင်ရေး အတွက် ကြိုတင်စီမံချက် ရေးဆွဲရန် စသည့် ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်သည့် ပြည်ပကစားသမား ၄ ဦးခေါ်ယူခွင့်ပြုပြီး ကွင်းအတွင်း ၃ ဦးသာ ကစားခွင့်ပြုရန် စည်းမျည်းအား မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၅ မဲဖြင့် အဆိုပါ စည်းမျည်းအား အတည်ပြုလိုက်ပြီဖြစ်သည်။