2016 MNL-2 ဝင်ခွင့်ခြေစစ်ပွဲ အတွက် ပွဲစဉ်ဇယားများ ထွက်ပေါ်
January 4, 2016FIFA 11 for Health သရုပ်ပြခြင်းအစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာဂျရီလာရောက်ကြည့်ရှု
January 11, 2016အားကစားနည်း တစ်ခုမှာ ရေရှည်အောင်မြင်နိုင်ဖို့ ဆိုရင် မျိုးဆက်သစ် ကစားသမားမွေးမြူတဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ မျိုးဆက်သစ် အားကစားသမားတွေ ထွက်ပေါ်တဲ့နေရာကတော့ အကယ်ဒမီ အားကစား သင်တန်းကျောင်းတွေပါပဲ။ တစ်ချိန်တုန်း က မြန်မာ့ဘောလုံးလောကဟာ အာရှအဆင့်အထိ ထိုးဖောက်အောင်မြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်ပိုင်းမှာတော့ အာရှအဆင့် မမီတဲ့အထိကို ဖြစ်သွားပါတယ်။ ဒီလိုအဓိက ဖြစ်သွားရတဲ့ အကြောင်းအရင်းက စီနီယာ ကစားသမားတွေရဲ့ နောက်ကနေ အဆင်သင့် ကပ်လိုက် လာမယ့် မျိုးဆက်သစ် ဂျူနီယာကစားသမားတွေ မရှိခဲ့လို့ပါ။ ဒါပေမယ့်အခုချိန် မှာတော့မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် က ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးထားပြီးပါပြီ။
မြန်မာနေရှင် နယ်လိဂ် စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ မန္တလေးဘောလုံး အကယ်ဒမီ သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သလို နောက်ပိုင်းမှာ ပုသိမ်၊ ဧရာဝတီဘောလုံး အကယ်ဒမီ သင်တန်းကျောင်းကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တတိယ မြောက် ဘောလုံး အကယ်ဒမီဖြစ် လာမယ့် ရန်ကုန် အကယ်ဒမီဘောလုံး သင်တန်းကျောင်း အုတ်မြစ်ချပွဲကို ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလက ပြုလုပ်ခဲ့ပါတယ်။
ဒီအကယ်ဒမီတွေ ဖွင့်လှစ်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုကို ပြီးခဲ့တဲ့ ဖီဖာ ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ မြင်တွေ့ခဲ့ရပါ တယ်။ မြန်မာ့ လက်ရွေးစင် ယူ ၂၀ အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးအောင်သူ၊ ကျော်မင်းဦး တို့ဆိုရင် မန္တလေးဘောလုံး အကယ်ဒမီက ထွက်လာတဲ့ မျိုးဆက်သစ် ကစားသမားတွေပါ။ အကယ်ဒမီတွေကနေ သက်တမ်းအလိုက် လက်ရွေးစင် မျိုးဆက်သစ်ကစားသမားတွေ မွေးထုတ်ပေး လာနိုင်လေလေ၊ ဒီကစားသမားတွေကို အပြိုင်အဆိုင် လိုချင်တာတဲ့ ပြည်တွင်း ဘောလုံးကလပ်အသင်းတွေလဲ ရှိလာလေပါပဲ။ ဒီအကယ်ဒမီ ကစားသမားတွေ ခေါ်တော့မယ်ဆိုရင် ကလပ်အသင်းတွေ အနေနဲ့ လေ့ကျင့်ရေးကုန်ကျစရိတ် (Training Compensation) ဆိုတာ ပေးရ ပါတယ်။ ဒါကလက်ရှိကမ္ဘာ့ပေါ်မှာ ရှိနေတဲ့ ဘောလုံး အကယ်ဒမီတိုင်းလိုလို ပြုလုပ်နေကြပါတယ်။ ဘာစီလို နာအကယ်ဒမီ၊ အာဆင်နယ် ဘောလုံး အကယ်ဒမီ စတဲ့ အကယ်ဒမီတွေကလည်း သူတို့ အကယ်ဒမီက ကစားသမား ခေါ်မယ်ဆို ရင် လေ့ကျင့်ရေး
ကုန်ကျစရိတ် (Training Compensation) တောင်းခံပါတယ်။ အကယ်ဒမီတွေကလည်း ဒီလိုရတဲ့ လေ့ကျင့်ရေး ကုန်ကျစရိတ် (Training Compensation)တွေကနေ နောက်ထပ် မျိုးဆက်သစ်တွေ ထပ်မံ မွေးမြူဖို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လည်း အကယ်ဒမီတွေက ဘောလုံး ကစားသမားတွေ ခေါ်မယ်ဆိုရင် ကလပ်အသင်းတွေ ပေးရမယ့် လေ့ကျင့်ရေး ကုန်ကျစရိတ် (Training Compensation) တွေကို ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ထုတ်ပြန်ချက်အရ အသက် ၁၉ နှစ်နဲ့အထက် သက်တမ်းလိုက် လက်ရွေးစင် အသင်းများ၊ လက်ရွေးစင် အသင်းကြီး အတွက် ရွေးချယ်ခံထားရတဲ့ ကစားသမားမျိုး(A+)ကို ခေါ်ယူမယ်ဆိုရင် ငွေကျပ် သိန်း ၈၀ ၊ အသက် ၁၉ နှစ်အောက် သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ လက်ရွေးစင် အသင်းကြီးအတွက် ရွေးချယ် ခံထားရတဲ့ ကစားသမား မျိုး(A)ကို ခေါ်ယူမယ်ဆိုရင် ငွေကျပ် သိန်း ၆၀ ၊ အသက် ၁၆ နှစ်၊ အသက် ၁၄ နှစ် သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ လက်ရွေးစင် အသင်းကြီးအတွက် ရွေးချယ်ခံထားရတဲ့ ကစားသမားမျိုး(B)ကို ခေါ်ယူမယ်ဆိုရင် ငွေကျပ် သိန်း ၄၀၊ လက်ရွေးစင်အဖြစ် အရွေးမခံရ ဖူးသေးတဲ့ ကစားသမားမျိုး (C)ကို ခေါ်ယူမယ်ဆိုရင် ငွေကျပ် ၁၅ သိန်း ပေးရမယ်လို့ ဖော်ပြထားပါတယ်။ ကလပ်အသင်းတွေက ကစားသမားခေါ်ယူလို့ ပေးရမယ့် လေ့ကျင့်ရေး ကုန်ကျစရိတ် (Training Compensation)ငွေကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တစ်ဆင့် ပေးချေရမှာ ဖြစ်ပါတယ်။ ဒီငွေကို ဘောလုံး အကယ်ဒမီတွေက အကယ်ဒမီရန်ပုံငွေအနေနဲ့ မတည်ထားမှာ ဖြစ်ပါတယ်။ ဒါကအကယ်ဒမီ ကစားသမားတွေကို ပြည်တွင်း ကလပ်အသင်းတွေက ခေါ်ယူတဲ့ လေ့ကျင့်ရေး ကုန်ကျစရိတ်(Training Compensation) ပါ။
တကယ်လို့ မြန်မာအကယ်ဒမီ ကစားသမားတွေကို ပြည်ပ ကလပ်အသင်းတွေက ခေါ်ယူခဲ့မယ်ဆိုရင် ပြည်ပကလပ်အသင်း တွေပေးရမယ့် စံနှုန်းကိုလည်း သတ်မှတ်ပေးထားပါတယ်။ အသက် ၁၉ နှစ်နဲ့အထက် သက်တမ်းလိုက် လက်ရွေးစင်အသင်းများ၊ လက်ရွေးစင် အသင်းကြီး အတွက် ရွေးချယ်ခံထားရတဲ့ ကစားသမားမျိုး(A+)ကို ခေါ်ယူမယ်ဆိုရင် အမေရိကန် ဒေါ်လာ ၂၅၀၀၀ ၊ အသက် ၁၉ နှစ်အောက် သက်တမ်း အလိုက် လက်ရွေးစင်အသင်းများ၊ လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ် ခံထားရတဲ့ ကစားသမားမျိုး(A)ကို ခေါ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ၊ အသက် ၁၆ နှစ်၊ အသက် ၁၄ နှစ် သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ လက်ရွေးစင် အသင်းကြီးအတွက် ရွေးချယ်ခံထားရတဲ့ ကစားသမားမျိုး(B)ကို ခေါ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂၀၀၀၀၊ လက်ရွေးစင်အဖြစ် အရွေးမခံရဖူးသေးတဲ့ ကစားသမားမျိုး(C)ကို ခေါ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၅၀၀၀ သိန်း ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အကယ်ဒမီကျောင်းကနေ ဘောလုံး ကလပ်အသင်းကို ရောက်နေတဲ့ ကစားသမားတစ်ဦးက အသက် ၂၃ နှစ် မပြည့်ခင်မှာ နောက်ထပ် အသင်းတစ်သင်းသို့ ပြောင်းခဲ့မယ်ဆိုရင် ဘောလုံးသမားရဲ့ ပြောင်းရွှေ့ကြေး ၂၀ ရာခိုင်နှုန်းကို ဘောလုံးအကယ် ဒမီက ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် အကယ်ဒမီကျောင်းတွေက ဘောလုံးသမားတွေကို ခေါ်မယ်ဆိုရင် လေ့ကျင့်ရေးကုန်ကျစရိတ် (Training Compensation) ဘယ်လိုပေးချေရမလဲ ဆိုတာကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
စဉ် | အဆင့် | အဓိပ္ပာယ်ဖွင့်ဆိုချက် | ဈေးနှုန်း | မှတ်ချက် |
၁။ | A+ | အသက် (၁၉)နှစ်နှင့်အထက် သက်တမ်းအလိုက် လက်ရွေးစင် အသင်များနှင့် လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်ခံထားရသူများ | ငွေကျပ် သိန်း(၈၀) | |
၂။ | A | အသက် (၁၉)နှစ်အောက် သက်တမ်းအလိုက် လက်ရွေးစင် အသင်များနှင့် လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်ခံထားရသူများ | ငွေကျပ် သိန်း(၆၀) | |
၃။ | B | အသက် (၁၆)နှစ်အောက်၊ အသက် (၁၄)နှစ်အောက် သက်တမ်း လိုက် လက်ရွေးစင်အသင်းများနှင့် လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်ခံထာားရသူများ | ငွေကျပ် သိန်း(၄၀) | |
၄။ | C | လက်ရွေးစင်အဖြစ် အရွေးချယ်မခံရဖူးသည့် အကယ်ဒမီ ကစားသမားများ | ငွေကျပ် (၁၅)သိန်း |
၁။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတစ်ဝန်းလူငယ်မျိုးဆက်သစ်ကစားသမားများပေါ် ထွက်လာစေရေးအတွက်မန္တလေးဘောလုံး အကယ်ဒမီကျောင်းကို ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိနေရာ အကယ်ဒမီကျောင်းမှ ဘောလုံးသမားများအားကလပ်အသင်းများမှ ခေါ်ယူရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ထုတ်ပြန်လိုက်ပြန်ပါသည်။
၂။ အကယ်ဒမီဘောလုံးသမားဆိုသည်မှာ မန္တလေးဘောလုံးအကယ်ဒမီမှ မွေးထုတ်ပေးလိုက်သော ကစားသမားများကို ဆိုလိုပြီး အဆိုပါကစားသမား အသက် ၂၃ နှစ် မပြည့်မီအထိ ၎င်းအား မွေးထုတ်ပေးလိုက်သော ကျောင်းမှ စိုက်ထုတ် ကုန်ကျခဲ့ သော လေ့ကျင့်ရေး ကုန်ကျစရိတ်ကို အပြည့်အဝသော်လည်းကောင်း (သို့) တစ်စိတ် တစ်ပိုင်းအားဖြင့် သော်လည်းကောင်း ခံစားခွင့်ရှိ မည်ဖြစ်သည်။
၃။ မန္တလေးဘောလုံး အကယ်ဒမီကျောင်းမှ လေ့ကျင့်ပျိုးထောင်ပေးခဲ့သော ကစားသမားများကို အဆင့်အားဖြင့် ၄ မျိုး ခွဲခြားထားပြီး ၎င်းတို့၏ လေ့ကျင့်ရေးကုန်ကျစရိတ်အား အောက်ပါအဆင့်များအလိုက် နှုန်းထားများကို သတ်မှတ်ထားပါသည်။ အကယ်ဒမီကျောင်း မှ ဘောလုံးသမားများကို ကလပ်အသင်းများမှ ခေါ်ယူလိုပါက အောက်ပါလေ့ကျင့်ရေးကုန်ကျစရိတ်ကို ခေါ်ယူလိုသည့် အသင်းမှ ဘောလုံး အကယ်ဒမီ ကျောင်းအတွက် ရန်ပုံငွေအဖြစ် မတည်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်ဆင့် ပေးချေရမည်။ ထိုကဲ့သို့ ပေးချေရာ တွင် အောက်ပါ သတ်မှတ်နှုန်းထားများမှာ အနည်းဆုံး နှုန်းထားသာဖြစ်ပြီး ကစားသမားတစ်ဦးအား ခေါ်ယူလိုသည့် အသင်တစ်သင်း ထက်ပိုပါက အနည်းဆုံး နှုန်းထားထက် အများဆုံး တိုး၍ပေးသော အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်သည်။
၄။ အဆိုပါဘောလုံးသမားများအား ပြည်ပ ကလပ်အသင်း များမှ ခေါ်ယူမည်ဆိုပါက အဆင့်အလိုက် အောက်ပါအတိုင်း ပြည်ပဈေးနှုန်းများကို သတ်မှတ်ထားပါသည်။ ဘောလုံးအကယ်ဒမီကျောင်းမှ လေ့ကျင့်ပျိုး ထောင်ပေးခဲ့သော ဘောလုံးသမားများကို ပြည်ပ ကလပ်အသင်းများ မှ ခေါ်ယူရာတွင် လေ့ကျင့်ရေး ကုန်ကျစရိတ်ကို ခေါ်ယူသည့်အသင်းမှအကယ်ဒမီကျောင်း၏ရန်ပုံ ငွေအဖြစ် မတည်ရန် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှတစ်ဆင့် ပေးချေရမည်။ ထိုကဲ့သို့ ပေးချေရန် သတ်မှတ်ထားသော နှုန်းထားများမှာ အနည်းဆုံသတ်မှတ်နှုန်းထားများ သာဖြစ်ပြီး ဘောလုံး သမားတစ်ဦးအား ခေါ်ယူလိုသည့် အသင်းတစ်သင်းထက်ပိုပါက အနည်းဆုံးနှုန်းထားထက် အများဆုံးတိုး၍ ပေးသော အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်သည်။
၅။ ဘောလုံးအသင်း တစ်သင်းမှ ခေါ်ယူထားသော အကယ်ဒမီကျောင်းမှ ဘောလုံးသမားတစ်ဦးအနေဖြင့် အသက် ၂၃ နှစ် မပြည့်မီ အခြားကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့မည်ဆိုပါက ၎င်းဘောလုံးသမား ပြောင်းရွှေ့ကြေး၏ ၂၀ % ကို မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဘောလုံးအကယ်ဒမီ(မန္တလေး)မှ ခံစားခွင့်ရှိစေရမည်ဖြစ်သည်။
၆။ ထို့ပြင် အကယ်ဒမီကျောင်းမှ ဘောလုံးသမားတစ်ဦးအနေဖြင့် ၎င်းအား ခေါ်ယူထားသော အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး သွားပြီးနောက် အသက် ၂၃ နှစ် မပြည့်မီကာလအတွင်း အခြားအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့မည်ဆိုပါက ၎င်းအားခေါ်ယူမည့် ကလပ်အသင်းအနေဖြင့် လေ့ကျင့်ရေး ကုန်ကျစရိတ်အား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ ဘောလုံး အကယ်ဒမီ (မန္တလေး) သို့ ပေးချေရမည်ဖြစ်သည်။ အဆိုပါလေ့ကျင့်ရေး ကုန်ကျစရိတ်အး တွက်ခွက်ရာတွင် ဘောလုံးသမားအား ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုရာ၌ သတ်မှတ်ခဲ့သည့် အဆင့်အလိုက်(ဥပမာ A+, A, B, C) နှုန်းထား၏ ၂၀ ရာခိုင်နှုန်းဟု တွက်ချက်ရမည်ဖြစ်သည်။
၇။ အဆိုပါလေ့ကျင့်ရေး ကုန်ကျစရိတ်များကို အနာဂတ်ကာလတွင် လူငယ်မျိုးဆက်သစ် ကစားသမားများ ပိုမိုထွက်ပေါ်လာရေး ရည်ရွယ် ၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဘောလုံးအကယ်ဒမီ(မန္တလေး)၏ ရန်ပုံငွေအဖြစ် သုံးစွဲသွားမည်ဖြစ်သည်။
စဉ် | အဆင့် | အဓိပ္ပာယ်ဖွင့်ဆိုချက် | ဈေးနှုန်း | မှတ်ချက် |
၁။ | A+ | အသက် (၁၉)နှစ်နှင့်အထက် သက်တမ်းအလိုက် လက်ရွေးစင် အသင်များနှင့် လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်ခံထားရသူများ | ဒေါ်လာ (၂၅၀၀၀) | |
၂။ | A | အသက် (၁၉)နှစ်အောက် သက်တမ်းအလိုက် လက်ရွေးစင် အသင်များနှင့် လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်ခံထားရသူများ | ဒေါ်လာ (၂၅၀၀၀) | |
၃။ | B | အသက် (၁၆)နှစ်အောက်၊ အသက် (၁၄)နှစ်အောက် သက်တမ်း လိုက် လက်ရွေးစင်အသင်းများနှင့် လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်ခံထာားရသူများ | ဒေါ်လာ (၂၀၀၀၀) | |
၄။ | C | လက်ရွေးစင်အဖြစ် အရွေးချယ်မခံရဖူးသည့် အကယ်ဒမီ ကစားသမားများ | ဒေါ်လာ (၁၅၀၀၀) |