၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ မျက်နှာသစ် အသင်းတစ်သင်း ဖြစ်သည့် Horizon အသင်း၏ နည်းပြချုပ် အာဒင့်ပါလာ (အပေါ်ပုံ- ဝဲ)က သူ၏ အသင်းသည် အတွေ့အကြုံ နုနယ်သော်လည်း ရာသီအကုန်တွင် တန်းတင် ကျန်ရစ်မည်ဟု ယုံကြည်ကြောင်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အာဒင့်ပါလာ၏ အသင်းသည် အဖွင့်ပွဲတွင် ဇေယျာရွှေမြေ ကဲ့သို့ နာမည်ကြီး အသင်းကို ၁ -၂ ဂိုး ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရ သော်လည်း ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူ ကစားနိုင်ခဲ့ သောကြောင့် ၎င်းက ဤသို့ ယုံကြည် နေခြင်း ဖြစ်သည်။
“ကျွန်တော့်အသင်း ရာသီကုန်ရင် MNL မှာ တင်ကျန်ရစ်မယ်လို့ ယုံတယ်။ ဘာကြောင့် မဖြစ်နိုင်ရ မှာလဲ”ဟု သတင်းထောက် များ၏ မေးမြန်းမှုကို အာဒင့်ပါလာက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နည်းပြချုပ်က “ကစားသမားတွေကို အပြစ်တင်စရာ မရှိ ပါဘူး။ ဒီနေ့ ကစားပုံကို ခြုံပြီး သုံးသပ်ရရင် ကျေနပ်ပါတယ်။ ပထမပိုင်းမှာ စိတ်လှုပ်ရှားလို့ အမှားအယွင်းအချို့ ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော် မှာတဲ့အတိုင်း ကစားကြနိုင်ကြတဲ့ အတွက် ပြိုင်ဘက်ကိုတောင် ဖိကစား နိုင်ခဲ့ပါတယ်”ဟု ဆိုခဲ့သည်။
တူရကီလူမျိုး နည်းပြ တစ်ဦးဖြစ်သည့် အာဒင့်ပါလာသည် အာရှကလပ်အသင်း တစ်သင်းကို ယခုမှ ပထမဆုံး ကိုင်တွယ်ခြင်း ဖြစ်ပြီး Horizon ကဲ့သို့သော တန်းတက် အသင်းငယ်ကို ရွေးချယ်ရခြင်းမှာ အတွေ့အကြုံနှင့် စိန်ခေါ်မှုများကို လိုချင်၍ ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
Horizon အသင်းသည် ဇေယျာရွှေမြေ အသင်းနှင့် ရာသီအဖွင့် ပွဲစဉ်တွင် ရမှတ်ဗလာနှင့် အဖွင့်မလှ ခဲ့သော်လည်း ဇေယျာရွှေမြေ အသင်းကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ချေပဂိုး တစ်ဂိုးရယူနိုင်ခဲ့ပြီးနောက် ဒုတိယမြောက် ချေပဂိုး ရရှိရန် အတွက် ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ဖိကစားနိုင်ခဲ့ သော်လည်း လိုအပ်သည့် ချေပဂိုး မရရှိခဲ့သောကြောင့် အရှုံးရလဒ်ကို လက်ခံခဲ့ရခြင်း ဖြစ်သည်။ Horizon သည် ပွဲစဉ် ၂ တွင် ခြေစွမ်းမာကျောသည့် ဇွဲကပင် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။