ဇွဲကပင် – Horizon
၁၆-၁-၂၀၁၆၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်း။
ပြီးခဲ့တဲ့ ချင်းယူနိုက်တက်နဲ့ပွဲမှာ ပေးဂိုးလုံး၀ မရှိခဲ့ဘဲ သုံးမှတ်ယူနိုင်ခဲ့တဲ့ ဇွဲကပင်အသင်းရဲ့ ခြေစွမ်းနဲ့ စုဖွဲ့မှုက ဘာလဲ…၊ ဘယ်လဲ…လို့ မေးချင်စရာပါပဲ။ ဒုတိယပွဲစဉ်ဖြစ်တဲ့ Horizon နဲ့ပွဲမှာကော ဇွဲကပင်အသင်းတို့ နိုင်ပွဲ ဆက်မှာလား၊ ရပ်တန့်သွား မှာလား? ပွဲဦးထွက်မှာ ဇေယျာရွှေမြေကို ရှုံးထားတဲ့ Horizon အသင်းကလည်း ရမှတ် စတင်ရဖို့ ကြိုးစားမှာသေချာပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဘယ်လိုရလဒ်မျိုး ထွက်လာနိုင်မလဲ.. စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ချင်းယူနိုက်တက် – ရတနာပုံ
၁၆-၁-၂၀၁၆၊ ညနေ ၄း၀၀၊ အောင်ဆန်းကွင်း။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တွေ့တဲ့အသင်းတိုင်းကို စိတ်ဓာတ်ကောင်းကောင်း၊ အနိုင် မခံ၊ အရှုံးမပေး ရင်ဆိုင် လာခဲ့တဲ့ ချင်းယူနိုက်တက်အသင်း ပွဲဦးထွက်မှာ ရလဒ်မကောင်းခဲ့ပါဘူး။ ချင်းယူနိုက်တက်အသင်းက နည်းပြ၊ တာဝန်ရှိ သူတွေ ပွဲဦးထွက် ဇွဲကပင်နဲ့ပွဲက အမှားမျိုး၊ လိုအပ်ချက်တွေ ပြင်ဆင်ပြီး ရတနာပုံနဲ့ပွဲ ပြန်လာနိုင်မလား၊ အိမ်ကွင်းမှာ အနိုင်နဲ့ စဖွင့်နိုင်ခဲ့တဲ့ ရတနာပုံ အသင်း ချင်းယူနိုက်တက် အသင်းကိုအနိုင်ယူပြီး နိုင်ပွဲဆက်သွားဦးမှာလား။ လက်ရှိဒီနှစ်သင်း ရပ်တည်မှုအရ ချင်းအသင်း က အောက်ဆုံး အသင်း၊ ရတနာပုံက ဇယားထိပ်ပိုင်းအသင်းပါ။
ဆောက်သမ်း – ရှမ်းယူနိုက်တက်
၁၇-၁-၂၀၁၆၊ ညနေ ၄း၀၀၊ အောင်ဆန်းကွင်း။
ဆောက်သမ်းအသင်းက အဖွင့်ပွဲမှာ ရခိုင်ယူနိုက်တက်အသင်းကို ရှုံးထားတယ်။ ၂၀၁၆ ဘောလုံးရာသီမှာ နိုင်ငံခြားကစား သမားမပါတဲ့ တစ်သင်းတည်းသော အသင်း။ ပြည်တွင်းကစားသမားတွေရဲ့ အားနဲ့ ဆောက်သမ်းအသင်းကလည်း တွေ့တဲ့ အသင်းတိုင်းဆီက အမှတ်ရသလောက်ယူမယ့် သဘောမျိုးပါပဲ။ ရှမ်းယူနိုက်တက်အသင်းက ၂၀၁၆ ဘောလုံးရာသီအတွက် ကစားသမား အင်ပြည့်၊ အားပြည့်ခေါ်ထား တယ်။ ဒါပေမယ့် အဖွင့်ပွဲ အိမ်ကွင်းမှာ ဟံသာဝတီကို အသာမရခဲ့ဘူး။ ဆောက် သမ်းကော ရှမ်းယူနိုက်တက်အသင်းကော ဘယ်အသင်းက အချိန်မီ ပြန်လည် ပြင်ဆင်လာနိုင်မလဲဆိုတာ လာမယ့် ဇန်နဝါရီ ၁၇ ရက် အောင်ဆန်းကွင်းမှာ တွေ့ရမှာပါ။
ဟံသာဝတီ – ရန်ကုန်
၁၇-၁-၂၀၁၆၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်း။
လွယ်လွယ်နဲ့ အနိုင်ယူလို့မရတဲ့ အသင်းတွေထဲမှာ ဟံသာဝတီအသင်း လည်း ပါတယ်ဆိုတာ ပြီးခဲ့တဲ့ တောင်ကြီးကွင်း ရှမ်း ယူနိုက်တက် အသင်းနဲ့ပွဲမှာ ပြခဲ့ပါတယ်။ အဖွင့်ပွဲမှာ လက်ရှိချန်ပီယံရန်ကုန်အသင်း မကွေးကို ရှုံးခဲ့လို့ နည်းပြအပြောင်းအလဲ တောင် လုပ်ခဲ့ပါတယ်။ ဒါက ချန်ပီယံဆုနဲ့ပတ်သက်လာရင် နည်းနည်းလေးမှ ရန်ကုန်အသင်း အတိမ်းအစောင်း မခံနိုင်ဘူး ဆိုတာ ပြလိုက်တာပါပဲ။ ဒီပွဲက ဒီတစ်ပတ် (week -2 ) ပွဲစဉ်တွေထဲမှာ အကြိတ်အနယ်အဖြစ်ဆုံးဖြစ်မယ့် ပွဲကောင်း တစ်ပွဲပါပဲ။ သွေးပူနေတဲ့ ရန်ကုန်အသင်းကို ဟံသာဝတီတို့ သွေးအေးအေးနဲ့ အနိုင်ကစားသွားနိုင်မလား၊ နည်းပြသစ် ပြောင်းလဲ ထားတဲ့ ရန်ကုန် အသင်းကပဲ ဟံသာဝတီကို အသာရသွားမလား စိတ်ဝင်စားဖို့ အရမ်းကောင်းနေပါတယ်။
ဇေယျာရွှေမြေ – ရခိုင်ယူနိုက်တက်
၁၇-၁-၂၀၁၆၊ ညနေ ၃း၃၀၊ မုံရွာကွင်း။
ဒီပွဲစဉ်က ဘယ်အသင်း နိုင်ပွဲ ရပ်တန့်သွားမလဲလို့ မေးရမယ့် ပွဲစဉ်မျိုးပါ။ နှစ်သင်းစလုံးက အဖွင့်ပွဲမှာ ကိုယ်စီ အနိုင်ရထားတယ်။ ဒုတိယပွဲစဉ်မှာလည်း နှစ်သင်းစလုံးက ရလဒ်ကောင်းရဖို့ မျှော်လင့်ချက် ကိုယ်စီ ရှိနေမယ်ဆိုတာ အသေချာပါပဲ။ အိမ်ရှင် ပရိသတ်အား နဲ့ ဇေယျာရွှေမြေအသင်းပဲ စားသွားမလား၊ ဧည်သည့် ရခိုင်ယူနိုက်တက်အသင်းကပဲ မထင်မှတ်တာတွေ
လုပ်ပြသွားနိုင် မလား ဆိုတာ လာမယ့် ဇန်နဝါရီ ၁၇ ရက်ကြရင် အဖြေကြည့်ရမှာပါ။
မကွေး – ဧရာဝတီ
၁၈-၁-၂၀၁၆၊ ညနေ ၄း၀၀၊ အောင်ဆန်းကွင်း။
ပြိုင်ဘက်တိုင်း လွယ်လွယ်နဲ့ အနိုင်ရဖို့ မလွယ်သလို လွယ်လွယ်နဲ့ အရှုံးမပေးတဲ့ အသင်းမျိုးကို ပြရမယ်ဆိုရင် မကွေးအသင်း ကို ပြရမှာပါ။ မနှစ်က အသင်းမှာ ကစားခဲ့တဲ့ နိုင်ငံခြားကစားသမားသုံးယောက်စလုံး ဆက်ရှိနေသလို ကစားသမားအပြောင်း အရွှေ့ မရှိသလောက်နည်းခဲ့တာက မကွေးအသင်းကို ပိုပြီး တည်ငြိမ်စေတယ်လို့ ပြောလို့ရပါတယ်။ ကွင်းဖွင့်ဖလားပွဲနဲ့ ပွဲဦးထွက် ပွဲတွေမှာ နှစ်ပွဲဆက် ရှုံးထားတာကို ကြည့်မယ်ဆိုရင် ဧရာဝတီအသင်းမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာမြင်သာပါတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိဖြစ်နေတဲ့ အနေအထားတွေအရ ရလဒ်က ဘယ်လိုထွက်လာမလဲဆိုတာ ခန့်မှန်းကြည့် နိုင်ပါတယ်။