ယနေ့ ဇန်နဝါရီလ (၉)ရက်နေ့ ညနေက အောင်ဆန်းကွင်းတွင် ကစားခဲ့သည့် Horizon အသင်းနှင့် ဇေယျာရွှေမြေ အသင်း တို့၏ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်တွင် ဇေယျာရွှေမြေ အသင်းက (၁-၂) ဂိုးဖြင့် အနိုင်ရကာ ရာသီအစကို အနိုင်ရလဒ်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ဇေယျာရွှေမြေ အနေဖြင့် ယခုပွဲတွင် အနိုင်ရခဲ့သော်လည်း ခြေစွမ်းပိုင်း သိသိသာသာ အသာစီး ရရှိခဲ့ခြင်း မရှိဘဲ ဒုတိယပိုင်း ပွဲချိန်များတွင် Horizon ၏ တုန့်ပြန်မှုကို အသည်းအသန် ခုခံခဲ့ရသည်။
Horizon အသင်းတွင် နိုင်ငံခြားသား ၃ ဦးစလုံး ပွဲထွက် ပါဝင်လာခဲ့ပြီး လွင်မင်းသန့်၊ ညီညီထွန်း၊ အောင်ကိုဦး၊ မျိုးဇော်ဦး စသည့် အဓိက ကစားသမားများဖြင့် ဇေယျာရွှေမြေကို ရင်ဆိုင်ခဲ့သည်။ ဇေယျာရွှေမြေတွင်လည်း ရန်အောင်ဝင်း၊ ရန်နိုင်ဦး စသည့် ပြည်တွင်း အဓိက ကစားသမားများကို ဗစ်တာ၊ ဒီဒီ၊ အီဗရာဟင် စသည့် နိုင်ငံခြား ကစားသမားများဖြင့် တွဲဖက်ကာ Horizon ကို ရင်ဆိုင်ခဲ့သည်။
အသင်းကြီး တစ်သင်းဖြစ်သည့် ဇေယျာရွှေမြေ အနေဖြင့် ပွဲစကတည်းက Horizon အပေါ် အသာစီး ရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း Horizon ၏ မာကျောသည့် ကစားပုံကြောင့် အခက်တွေ့ခဲ့ရပြီး Horizon ကပင် အနည်းငယ် အသာစီး ယူနိုင်ခဲ့သည်။ သို့သော် ကစားသမားများ၏ အတွေ့အကြုံပိုင်း ကွာခြားမှုကြောင့် ပွဲချိန် မိနစ် ၃၀ ကျော်တွင် Horizon ခံစစ်ကြောင်း၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ပွဲချိန် ၃၃ မိနစ်တွင် ဗစ်တာ၊ ပွဲချိန် ၃၈ မိနစ်တွင် နန်းမင်းအောင် တို့က ဂိုးများ ဆက်တိုက် သွင်းယူသွား ခဲ့သည်။ Horizon အနေဖြင့် ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် ကစားပုံ အနည်းငယ် ပျက်သွားခဲ့သော်လည်း ဂိုးထပ်မပေးရအောင် ခံစစ်ကို ပိတ်ဆို့ ကစားနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်မူ Horizon က ချေပဂိုးရရှိရေး အတွက် ဇေယျာရွှေမြေ အပေါ် ဖိကစားလာနိုင်ခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၆၈ မိနစ် အရောက်တွင် လူစားဝင် ကစားသမား သူရမင်းအောင်က ဧရိယာအတွင်း ဘယ်ခြေဖြင့် အနီးကပ် အပြင်းကန်သွင်းကာ ချေပဂိုး ရယူပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း Horizon ပင် ဖိကစားနိုင်ခဲ့ပြီး ဂိုးရရန်လည်း အတော်ပင် နီးစပ်ခဲ့သည်။ သို့သော် ဇေယျာရွှေမြေ ခံစစ်ပိုင်းက အမှားအယွင်းမရှိ တားဆီးနိုင်ခဲ့ သောကြောင့် Horizon အနေဖြင့် ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိပဲ ပွဲအပြီးတွင် ဇေယျာရွှေမြေက (၁-၂)ဂိုးဖြင့် အနိုင်ရခဲ့သည်။