ချင်းယူနိုက်တက်နှင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှ ရတနာပုံ နည်းပြချုပ် ရီနီ။ ဓာတ်ပုံ – ရွှေဘုတ် (မဇျ္စိမ)
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြသည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ချင်းယူနိုက်တက် အသင်းနှင့် ဂိုးမရှိ သရေကျ ခဲ့ပြီးနောက် ရတနာပုံအသင်း နည်းပြချုပ် ရီနီက ပွဲချိန်အတွင်း ကစားသမားများ၏ အားထုတ်မှု အပေါ် ဝေဖန်မှု ပြုလုပ်ခဲ့သည်။
ရတနာပုံ အသင်းသည် ချင်းယူနိုက်တက် အသင်းအပေါ် ပွဲချိန် အများစုတွင် ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့ သော်လည်း ထိရောက်သည့် ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ ချင်းယူနိုက်တက်၏ တောင့်တင်းသည့် ခံစစ်ကိုလည်း ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ရီနီက “ကွင်းထဲမှာ ဘောလုံး ရတဲ့သူပဲ ကစားပြီး မရတဲ့သူက ရပ်နေတယ်။ ကျိုးစားအားထုတ်မှု နည်းလွန်းတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ အနိုင်ရလဒ်ကို မရခဲ့တာပါ”ဟု ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ရတနာပုံ အသင်းသည် ယခု သရေပွဲကြောင့် တနင်္ဂနွေ ပွဲများ မတိုင်မီတွင် ရမှတ် ၄ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ သို့သော် ရီနီက ကျေနပ်နိုင်ခြင်း မရှိသေးပဲ ရာသီအကုန်တွင် ချန်ပီယံဆုကို ရယူလိုပါက ယခု ကဲ့သို့သော နိုင်သင့်နိုင်ထိုက်သည့် ပွဲများကို အနိုင်ရရန် လိုအပ်ကြောင်း ဆိုသည်။ ထို့အပြင် ချင်းယူနိုက်တက် အသင်းမှာ ဒုတိယ ပိုင်းတွင် ကစားအား သိသိသာသာ ကျသွားခဲ့ပြီး ကစားသမားများမှာ မြေပေါ် လှဲချကာ အချိန်ဆွဲခြင်းဖြင့် အားသာချက် ရယူရန် ကျိုးပမ်း ခဲ့ကြောင်း ရီနီက ဆက်လက် ပြောကြား ခဲ့သည်။
အသင်း၏ ယနေ့ ခြေစွမ်းကြောင့် ကစားကွက် ပြောင်းလဲရန် ရှိပါသလားဟု မေးမြန်းခဲ့သည့် မီဒီယာ တစ်ဦး၏ မေးမြန်းမှုကိုလည်း ရီနီက “ကစားပုံ ဘယ်လိုပဲ ပြောင်းပြောင်း ကွင်းထဲမှာ ပြေးပြေးလွှားလွှား ကျိုးကျိုးစားစား မကစားရင် အနိုင်မရ နိုင်ဘူး” ဟု ပြန်လည် ဖြေကြား ခဲ့သည်။