အဖွင့်ပွဲကို အိမ်ကွင်းတွင် ကစားခဲ့ရစဉ်က ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ သရေရလဒ်သာ ရယူနိုင်ခဲ့သည့် ရှမ်းယူနိုက်တက် အသင်းသည် ယနေ့ ကစားခဲ့သည့် အောင်ဆန်းကွင်းမှ ဆောက်သမ်း မြန်မာနှင့် ပွဲစဉ်တွင်မူ ခြေစွမ်းပြ ကစားကာ ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက် အတွက် ယခုပွဲတွင် ဘရာဇီး ကွင်းလယ်လူ ဂူစတာဗို အထူး ခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင် နှစ်ဂိုးသွင်းကာ နှစ်ဂိုး ဖန်တီးပေး နိုင်ခဲ့သည်။
အဖွင့်ပွဲတွင် ဇွဲကပင်ကို ရှုံးနိမ့်ထားခဲ့သည့် ဆောက်သမ်းမြန်မာ အသင်းသည် ယနေ့ပွဲတွင် ပြည့်ဖြိုးအောင်၊ ရဲထွန်းနိုင်၊ ခိုင်ဇော်ထွန်း၊ ရဲအောင်၊ အောင်မွန်ဘိုဘို စသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ရှမ်းယူနိုက်တက်ကို ရင်ဆိုင်ခဲ့သည်။ ရှမ်းယူနိုက်တက် တွင်လည်း ဘီရှက်၊ ဂူစတာဗို၊ ပက်ထရစ် သည့် နိုင်ငံခြား ကစားသမား ၃ ဦးကို စိုးမင်းဦး၊ နေလင်းထွန်း၊ ထိုက်ထိုက်အောင်၊ ဟိန်းသီဟဇော်၊ သီဟစည်သူ စသည့် နာမည်ကြီး ကစားသမားများနှင့် တွဲဖက်ပြီး ပွဲထွက် လာခဲ့သည်။
ပြည်တွင်း ကစားသမားများဖြင့်သာ ဖွဲ့စည်းထားသည့် ဆောက်သမ်းမြန်မာ အသင်းအနေဖြင့် နိုင်ငံခြား ကစားသမားများ ပါဝင်သည့် အပြင် ပြည်တွင်း နာမည်ကြီး ကစားသမားများ ပါဝင်လာသည့် ရှမ်းယူနိုက်တက် အသင်းကို ပွဲအစပိုင်းတွင် ယှဉ်ကစား နိုင်သော်လည်း နောက်ပိုင်းတွင် ရှမ်းယူနိုက်တက်ကသာ အသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ပွဲစသည်နှင့် ရှမ်းယူနိုက်တက် အသင်းက ဘောလုံး ပိုင်ဆိုင်မှုအသာစီးဖြင့် ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း တိုက်စစ်ပိုင်း နားလည်မှုအား နည်း နေခြင်း နှင့် ဆောက်သမ်း ခံစစ်ပိုင်း အမှားအယွင်း နည်းခြင်း တို့ကြောင့် ထိရောက်သည့် ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။ ပွဲချိန် ၂၆ မိနစ်တွင် ဆောက်သမ်းမှ စိုးကျော်သူ၏ ဧရိယာ အပြင်မှ ကန်ချက် အတော်ပင် ကောင်းမွန်ခဲ့သော်လည်း သီဟစည်သူ လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက် အနေဖြင့် အစောပိုင်းတွင် ဂိုးရနိုင်သည့် အခွင့်အရေး နှစ်ကြိမ်ခန့် ရခဲ့သော်လည်း နေလင်းထွန်းနှင့် ပက်ထရစ်တို့ အနီးကပ် ပိတ်သွင်းရာတွင်း ဘောချော် ခဲ့ကြသောကြောင့် ဂိုးမဖြစ်ခဲ့ပေ။ ရှမ်းယူနိုက်တက် အတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၄ မိနစ် အရောက်တွင် ရရှိခဲ့ပြီး ခြေစွမ်းပြနေသည့် ဘရာဇီး ကွင်းလယ်လူ ဂူစတာဗို ခင်းပေးသည်မှ နေလင်းထွန်းက ဧရိယာအတွင်း အပိုင် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒုတိယပိုင်းတွင်မူ ဆောက်သမ်း အနေဖြင့် ရှမ်းယူနိုက်တက်၏ တိုက်စစ်ဆင်မှုကို တားဆီးနိုင်ခြင်း မရှိတော့ပဲ ဂိုးများ ဆက်တိုက် ခွင့်ပြုခဲ့ရသည်။ ပွဲချိန် ၄၇ မိနစ်တွင် နေလင်းထွန်း ခင်းပေးရာမှ ဂူစတာဗိုက ဆွဲထွက်ကာ ဒုတိယဂိုး၊ ပွဲချိန် ၅၄ မိနစ်တွင် စိုးမင်းဦးကို ဆောက်သမ်း နောက်ခံလူ သော်ဇင် ဆွဲလှဲသည့် အတွက် ရသည့် ပင်နယ်တီကို စိုးမင်းဦး ကိုယ်တိုင် နှစ်ဆင့် ကန်သွင်းကာ တတိယဂိုး၊ ဂူစတာဗို ကန်ချက် ဂိုးဘားထိ ထွက်လာသည်ကို ဟိန်းသီဟဇော်က ပွဲချိန် ၅၇ မိနစ်တွင် အပြေးပိတ်သွင်းကာ စတုတ္ထဂိုး၊ ပွဲချိန် မိနစ် ၆၀ တွင် ခြေစွမ်းပြနေသည့် ဂူစတာဗိုက ဧရိယာ အတွင်း အနီးကပ် လှလှပပ ကန်သွင်းကာ ပဉ္စမဂိုး တို့ကို အသီးသီး သွင်းယူပေးခဲ့ ကြသည်။ ဆောက်သမ်း မြန်မာ အနေဖြင့် ပွဲချိန် ၆၅ မိနစ်တွင် ချေပဂိုး ရရန် နီးစပ်ခဲ့သော်လည်း ခိုင်ဇော်ထွန်း ကန်သွင်းသည့် ပင်နယ်တီကို သီဟစည်သူ အစွမ်းပြ ပုတ်ထုတ် ခဲ့သောကြောင့် ဆောက်သမ်း အနေဖြင့် ချေပဂိုးပင် မရတော့ပဲ ရှမ်းယူနိုက်တက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။