ဧရာဝတီကို အနိုင်ကစားကာ မကွေးအသင်း အမှတ်ပေးဇယား ဦးဆောင်
January 28, 2016ဦးဆောင်သူ မကွေး ရှုံးပွဲကြုံခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ သုံးသပ်ချက်
January 28, 2016မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၏ ဒုတိယမြောက် ရက်သတ္တပတ်က ကျင်းပပြီးစီး ခဲ့ပြန်ပြီ ဖြစ်သည်။ ဘောလုံး ရာသီ စတင်ပြီး ဒုတိယမြောက် ပွဲစဉ်သာ ဖြစ်သော်လည်း အသင်းများ အကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ထင်မှတ် မထားသည့် ကမောက်ကမ ရလဒ်များ ထွက်ပေါ်ခဲ့သည်။ လက်ရှိ အနေအထားတွင် မကွေးမှ လွဲ၍ ခြေမှန်သည့် အသင်း မရှိသေးပဲ အသင်းငယ်များ၏ တာထွက်အားကလည်း မျှော်လင့် မထားသည့် ရလဒ်များကို ဖြစ်ပေါ်စေလျှက် ရှိသည်။ ပွဲစဉ် ၂ အပြီးတွင် မကွေးက နှစ်ပွဲဆက် အနိုင်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခဲ့ပြီး လက်ရှိ ချန်ပီယံ ရန်ကုန်နှင့် ဧရာဝတီ တို့မှာ နှစ်ပွဲဆက် အရှုံးရလဒ်နှင့် ကြုံတွေ့ ခဲ့ရကာ အမှတ်ပေးဇယား အောက်ခြေ ရောက်သွားခဲ့သည်။
စောင့်ကြည့်ရတော့မည့် Horizon
ရာသီသစ်၏ စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်းက Horizon ဖြစ်လာလေမလား။ ကျောင်းအသင်း တစ်သင်းမှ အခြေတည်လာ ခဲ့သည့် ထိုအသင်းလေးက ထင်မှတ်မထား သည်များကိုပဲ ဆက်တိုက် လုပ်ပြနေသည်။ တည်ထောင်ပြီး မကြာလှသည့် ကာလအတွင်း တန်းတက် လာနိုင်ခဲ့ရုံ မက ယခုတော့ ခြေစွမ်းကောင်းပြီး အနိုင်ရရန် ခက်ခဲသည့် ဇွဲကပင်လို အသင်းကိုပင် အနိုင် ကစားပြခဲ့သည်။ နည်းပြပဲ စွမ်းသည်လား၊ ကစားသမားတွေပဲ စွမ်းသည်လား မခွဲခြားနိုင်သော်လည်း ရစ်သမ်မိနေသည်ကတော့ သေချာသည်။ အဖွင့်ပွဲတွင် ပုံစံကောင်း ပြနိုင်ခဲ့သော်လည်း ယခုပွဲအတွက် ဇွဲကပင်ကသာ အထက်အသင်း ဖြစ်သည်။ သို့သော် ပွဲရလဒ်က အားလုံးကို ရှော့ခ် ရသွားစေ ခဲ့သည်။ ဇွဲကပင်၏ ဦးဆောင်မှုကို စောစောစီးစီး ခံခဲ့ရသော်လည်း ပြန်လာနိုင်ခဲ့ပုံက ချီးကျူးချင်စရာ။ အသင်းလိုက် စုစည်းမှု ကောင်းလှသည့် အပြင် တူရကီသား နည်းပြချုပ် ပါလာ၏ ဦးဆောင်မှုကလည်း ပြောင်မြောက်လှသည်။
အဖွင့်ပွဲတွင် ချင်းယူနိုက်တက်ကို ဂိုးပြတ် နိုင်ခဲ့တော့ ဇွဲကပင်၏ ခြေစွမ်းကို အတော်ပင် အထင်ကြီးမိခဲ့သည်။ ချင်းယူနိုက်တက်လို အသင်းမျိုးကို ဂိုးပြတ် နိုင်ခဲ့ သောကြောင့် ဖြစ်သည်။ သို့သော် ဒုတိယမြောက် စစ်ဆေးမှုမှာပင် ဇွဲကပင် ‘ကျ’ပါသည်။ အသင်းလိုက် စုစည်းမှုနှင့် ခြေစွမ်းပိုင်းထက် ပြိုင်ဘက်ကို လျော့တွက်သည့် အတွက် အာရုံစူးစိုက်မှု အပိုင်းတွင် ဇွဲကပင် ‘ကျ’ ခြင်း ဖြစ်သည်။ ရာသီကုန်တွင် အဆင့် မြင့်မြင့် တစ်နေရာ၌ ရပ်တည်လိုလျှင်တော့ ဇွဲကပင် အနေဖြင့် ပွဲတိုင်းကို ဖိဖိစီးစီး ကစားဖို့ လိုပါလိမ့်မည်။ ပွဲပြီး ရလဒ်က ဇွဲကပင် (၂-၃) Horizon ဖြစ်သည်။
ခံစစ်အစွမ်းပြသည့် ချင်းယူနိုက်တက်
ဧရာဝတီကို စိတ်ဓာတ်ကောင်းကောင်းဖြင့် လိုက်ကစားကာ အနိုင်ရခဲ့ သော်လည်း ယခုပွဲတွင် ရတနာပုံ၏ စိတ်ဓါတ်ပိုင်းမှာ အားနည်း ခဲ့သည်။ ကျိုးစားမှု နည်းခြင်း မဟုတ်သော်လည်း အဖွင့်ပွဲရှုံးထားသည့် ချင်းယူနိုက်တက်ကို လျော့တွက် ခဲ့ကြပုံရသည်။ ထို့အပြင် အသင်းလိုက် စုစည်းမှုကလည်း အကောင်းဆုံး အနေအထားတွင် မရှိခဲ့။ လူစာရင်း အရ အကောင်းဆုံး ပွဲထွက်စာရင်းဟု ဆိုနိုင်သော်လည်း နားလည်မှုနှင့် ချိတ်ဆက်မှု အကောင်းဆုံး အနေအထားတွင် မရှိခဲ့သည့် အပြင် ပြိုင်ဘက် ခံစစ်ကလည်း အမှားအယွင်း နည်းခဲ့သောကြောင့် ရတနာပုံတို့ ဂိုးမရှိ သရေပွဲနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။ ယခုပွဲတွင် တခုတ်တရ ချီးကျူးသင့်သည်က ချင်းယူနိုက်တက် အသင်း၏ ခံစစ်ကြောင်း ဖြစ်သည်။ ဇွဲကပင်ကို အဖွင့်ပွဲတွင် သုံးဂိုး ပေးခဲ့ရသော်လည်း ယခုပွဲတွင် အထူးပင် ခြေစွမ်းပြနိုင်ခဲ့သည်။ ချင်းယူနိုက်တက် ခံစစ်ကြောင်း၏ အဆင့်ဆင့် ဖျက်ထုတ်မှု များကြောင့် အောင်သူနှင့် ကိသ်တို့ မလှုပ်နိုင်ခဲ့ ခြင်းကလည်း ရတနာပုံ တိုက်စစ်ကို သေသွား စေခဲ့သည်။ ဒုတိယပိုင်းတွင် ဝင်းနိုင်စိုး ဝင်လာခဲ့သေး သော်လည်း သူလည်း မကယ်နိုင်ခဲ့။ ချင်းယူနိုက်တက်၏ ကောင်တာအချို့ ကောင်းသော်လည်း သူတို့ကလည်း သရေသာ မျှော်လင့်ထားပုံ ရသည့် ကစားပုံကြောင့် ရတနာပုံ ခံစစ်ကြောင်း အလုပ်မရှုပ်ခဲ့ပေ။ ပွဲပြီးတော့ ချင်းယူနိုက်တက် (ဝ-၀) ရတနာပုံ ဖြစ်သည်။
ဇေယျာရွှေမြေ အိမ်ကွင်းမှာလည်း နဂါးပြန်မဖြစ်သေး
အသင်းကြီးဟောင်း ဇေယျာရွှေမြေကတော့ အိမ်ကွင်း၌ပင် အရှိန်အဝါ မရှိတော့ပြီလားဟု မေးခွန်းထုတ်ချင်စရာ။ အိမ်ကွင်းတွင် အိမ်ခံ ပရိသတ်များ ရှေ့မှောက်၌ ကစားရသော်လည်း ရခိုင်ယူနိုက်တက်ကို နောက်မှ လိုက်ကစားခဲ့ရသည်။ သရေရလဒ် ရယူနိုင်ခဲ့ သော်လည်း ရခိုင်ယူနိုက်တက်၏ ပွဲချိန်တစ်လျှောက် လွှမ်းမိုးမှုကို ခံခဲ့ရခြင်းက စိတ်ပျက်ဖွယ် ကောင်းလှသည်။ ဒီဒီနှင့် အီဗရာ ဟင်တို့ နိုင်ငံခြားသား နှစ်ဦးကို အသုံးပြုထားသည့် ခံစစ်ပိုင်းကလည်း နှစ်ပွဲဆက် ဂိုးပေးထားရ သောကြောင့် မစွံသေးသလို ရန်နိုင်ဦး၊ ဝင်းဇင်ဦး၊ ဗစ်တာတို့ ပါဝင်နေသည့် ကွင်းလယ်နှင့် တိုက်စစ်ပိုင်းကလည်း ရခိုင်ကို ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ပေ။ ရခိုင် ယူနိုက်တက် ကတော့ ပုံမှန် ခရီးဆက်လျှက် ရှိသည်။ ပြီးခဲ့သည့် ရာသီက တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်ခဲ့ရသည့် ရခိုင် ယူနိုက်တက်က ယခုနှစ်တွင် ထိုသို့ မဖြစ်ရန် ပြင်ဆင်မှု ပြုလုပ်ခဲ့ပြီး တစ်ကယ်လည်း တာထွက်ကောင်း ခဲ့သည်။ ညီညီမင်း ၊ ကျော်ကျော်ထက် ၊ ဒွေးကိုကိုချစ်၊ မျိုးဇော်ဦး စသည့် ဒုတိယတန်းစား ကစားသမားကောင်းများကို စုစည်းထားနိုင် ခဲ့ခြင်း ကလည်း အသင်းအတွက် အတော်ပင် အထောက်အကူ ဖြစ်ခဲ့သည်။ ရခိုင်ယူနိုက်တက် အနေဖြင့် ယခုခြေစွမ်းကို ထိန်းထားနိုင်ပါက ရာသီ ကုန်လျှင် တန်းမဆင်းရရန် သေချာနေပြီး ဇေယျာရွှေမြေ အနေဖြင့်မူ ပြီးခဲ့သည့် နှစ်ကကဲ့သို့ တန်းဆင်းဇုန်အတွင်း မရုန်းကန်ရရန် အတော်ပင် အားထုတ်ရဖွယ် ရှိနေသည်။ ထိုပွဲတွင် ၁ ဂိုးစီဖြင့် သရေကျခဲ့သည်။
ရှမ်းယူနိုက်တက် ပေါက်ကွဲပြီ
အိမ်ကွင်းတွင် ထင်တိုင်း မပေါက်ခဲ့သည့် ရှမ်းယူနိုက်တက်က အဝေးကွင်း ရောက်မှ လာရောက် ပေါက်ကွဲတော့သည်။ နိုင်ငံခြားသား ကစားသမား မပါသည့် ဆောက်သမ်းကတော့ မြေစာပင် သက်သက်။ ပွဲအစပိုင်းတွင် သူတင်ကိုယ်တင် ကစားနိုင်ခဲ့သေး သော်လည်း ပွဲချိန် ကြာလာသည်နှင့် အမျှ ရှမ်းယူနိုက်တက်က အသာစီး ရလာခဲ့ပြီး ဂိုးများ ပေးလိုက်ရခြင်း ဖြစ်သည်။ ယခုပွဲတွင် ရှမ်းယူနိုက်တက် အတွက် အဓိက ကျသည့် အပြောင်းအလဲက ကွင်းလယ်မှ ဂူစတာဗို ခြေစွမ်းပြလာ နိုင်ခြင်း ဖြစ်သည်။ နေလင်းထွန်းလည်း တိုက်စစ် တွင် ပုံစံကောင်း ရခဲ့သည်။ စိုးမင်းဦး မနှစ်ကထက် အနည်းငယ် ကျသွားခဲ့ သော်လည်း အသင်းကို ပံ့ပိုးနိုင်သည်။ မစွံသည်က အီရန် တိုက်စစ်သမား ဘီရှက် ဖြစ်သည်။ တစ်ကိုယ်တော် အစွမ်း ပြနိုင်ခြင်းလည်း မရှိသလို နေရာယူပုံ၊ အသင်းနှင့် တွဲဖက်မှုတို့ တွင်လည်း အားနည်းသေးသည်။
ဆောက်သမ်းကတော့ အရင်ဆောက်သမ်း မဟုတ်တော့။ ကစားသမား အင်အားက နည်းလှသလို ခြေစွမ်းပိုင်းလည်း မကောင်းတော့။ ခုပုံအတိုင်း ဆိုလျှင်တော့ Horizon ကိုပင် နိုင်ရန်မလွယ်ဟု ထင်မိသည်။ ယခုပွဲတွင် ရှမ်းယူနိုက်တက်၏ ခြေစွမ်းပိုင်းက အကောင်းကြီး မဟုတ်သေး သော်လည်း တစ်ဦးခြင်း စွမ်းရည် ကောင်းသည့် ကစားသမား အများစုကို ပိုင်ဆိုင်ထားသောကြောင့် ယခုထက် ပိုပြီး တက်လာဖို့ ရှိနေသည်။ ထိုပွဲအတွက် အကောင်းဆုံး ကစားသမားက ဘရာဇီး ကွင်းလယ်လူ ဂူစတာဗို ဖြစ်သည်။ ဂူစတာဗိုက နှစ်ဂိုးဖန်တီး၊ နှစ်ဂိုးသွင်းပေးပြီး ထိုပွဲတွင် ရှမ်းယူနိုက်တက်က (၅-ဝ) ဖြင့် နိုင်ခဲ့သည်။ ဆောက်သမ်းကတော့ ပင်နယ်တီ ဝင်အောင် မသွင်းနိုင်ခဲ့ သောကြောင့် ဘဲဥပင် မကွဲခဲ့ပေ။
ရေနစ်ဆဲ ရန်ကုန်
အဖွင့်ပွဲတွင် အရှုံးရလဒ်နှင့် ရင်ဆိုင်ခဲ့ရသည့် ရန်ကုန်က ဒုတိယပွဲမှာလည်း ရေနစ်နေဆဲပင်။ လက်ရှိ ချန်ပီယံ အဖြစ် ဝံ့ဝံ့ကြွားကြွား ပြိုင်ပွဲဝင်လာ ခဲ့ခြင်း ဖြစ်သော်လည်း နှစ်ပွဲဆက် အရှုံးနှင့်အတူ ရမှတ်က ဗလာ။ နေရာအလိုက် ကစားသမားကောင်းများ ရှိနေသော်လည်း နေရာအလိုက် အားနည်းမှု ကိုယ်စီ ရှိနေသည်။ ဂိုးသမား ဖာနန်ဒို၊ ဇော်မင်းထွန်း၊ ဂျပန် နောက်ခံလူ ယာမာရှီတာ တို့ ရှိနေသော ခံစစ်ပိုင်းကလည်း အတွဲအစပ် မမိသေးသဖြင့် အားနည်းနေသည်။ ကွင်းလယ်ကလည်း ထိုနည်းနှင်နှင်။ ဗဟိုကွင်းလယ် အတွဲ၏ ပြဿနာကို အဖြေမရှာ နိုင်သေးသောကြောင့် ကွင်းလယ်ပိုင်းကလည်း ရုပ်မထွက်။ အားလုံးထဲတွင် အဆိုးရွားဆုံးက တိုက်စစ်ပိုင်း ဖြစ်သည်။ ကျော်ကိုကို မပါနိုင်ချိန်တွင် သန်းပိုင် ဂိုးသွင်းခြေ မရှိသလို ဘရာဇီး တိုက်စစ်မှူးသစ် အက်ဒီလ်ဆင်ကလည်း အသင်းနှင့် တွဲကစား၍ မရသေး။ ဤကဲ့သို့ ပြဿနာ ပေါင်းစုံနေသည့် ရန်ကုန် အနေဖြင့် ယခုကဲ့သို့ ရလဒ်ဆိုးနေသည်မှာ မဆန်းလှပေ။
ဟံသာဝတီကတော့ ရှင်းသည်။ လုပ်စရာ ရှိသည်ကို အကောင်းဆုံး လုပ်သွားခဲ့သည်။ ရာသီအဖွင့် အသင်းကြီး ၂ သင်းနှင့် ဆက်တိုက်တွေ့ခဲ့သော်လည်း သူတို့ ၄ မှတ် ရအောင် ယူနိုင်ခဲ့သည်။ ရာသီအကြို ပြင်ဆင်မှု ကြီးကြီးမားမား မရှိသော်လည်း အဓိက ကစားသမားများကို ဆက်ထိန်းကာ လိုအပ်သည့် ကစားသမားများကို ခေါ်ယူနိုင်ခဲ့သည့် ဟံသာဝတီကတော့ သူတို့၏ ပုံစံအတိုင်း စုစည်းမှုကို အသားပြုကာ ခြေစွမ်းမာကျောမှုကို ထိန်းထားဆဲ ဖြစ်သည်။ ယခု ခြေစွမ်းအတိုင်း ဆိုလျှင်တော့ ရာသီအကုန်တွင် အမှတ်ပေးဇယား အလယ်ပိုင်းတွင် သေချာပေါက် ရပ်တည် နိုင်ပါလိမ့်မည်။ ပွဲပြီး ရလဒ်က ဟံသာဝတီ (၂-၁) ရန်ကုန် ဖြစ်သည်။
မကွေး ဆိုတာ Giant Killer
ဒီပွဲကတော့ ပြောစရာတွေ များလွန်းလှသည်။ အသင်းကြီးတွေကို နှစ်ပွဲဆက် နိုင်ခဲ့သည့် မကွေး အကြောင်းပြောမလား။ ကွန်မြူန တီဒိုင်း အပါအဝင် ရာသီအစ သုံးပွဲဆက် ရှုံးပွဲကြုံခဲ့သည့် ဧရာဝတီ ယူနိုက်တက် အကြောင်း ပြောမလား။ နှစ်သင်း စလုံးက ပြောစရာတွေ ချည်း ဖြစ်သည်။ ပြောရသည့် အကြောင်း အရာခြင်းတော့ ကွာပေလိမ့်မည်။
မကွေးကတော့ မကွေးပင် ဖြစ်သည်။ လက်ရှိ အချိန်တွင် သူတို့ကို ချီးကျူးသည့် အကြောင်းအရာမှ လွဲ၍ အခြားအရာ ရှာမတွေ့ပါ။ ရန်ကုန်ကို နိုင်ခဲ့သည့် ပွဲကိုထားဦး။ ယခု ဧရာဝတီကို နိုင်ခဲ့သည့် ပွဲကလည်း ချိုမြိန်လွန်းလှသည်။ ပွဲအစပိုင်း မိနစ် ၂၀ မပြည့်မီမှာပင် မကွေးက ဧရာဝတီကို ၃-၀ ဖြင့်နိုင်နေပြီ။ ထိုရလဒ်က စောင့်ကြည့်သူများကို Horizon ပွဲကကဲ့သို့ ရှော့ခ် ရသွားစေသည်။ မဖြစ်နိုင်သည့် ရလဒ်မဟုတ်သော်လည်း အသင်းကြီး တစ်သင်းဖြစ်သည့် ဧရာဝတီကို ထိုမျှလောက် စောစောစီးစီး ဂိုးပြတ်သွင်းနိုင် လိမ့်မည်ဟု မမျှော်လင့်ထားရိုးကတော့ အမှန်ပင်။ ဦးကြည်လွင်နှင့် သူ၏ တပည့်များကတော့ ချီးကျူးဖွယ် စိတ်ဓာတ်ပိုင်းကို ပြသနိုင်ခဲ့သည်။ ချန်ပီယံ မဖြစ်ဖူးသော်လည်း၊ ငွေကြေး သုံးစွဲနိုင်သည့် အသင်းတစ်သင်း မဟုတ်သော်လည်း သူတို့ကြောက်သည့် အသင်း MNL တွင် ရှိဟန်မတူ။
ဧရာဝတီကတော့ ကွန်မြူနတီဒိုင်းနှင့် လိဂ်ပွဲနှစ်ပွဲ၊ စုစုပေါင်း ၃ ပွဲဆက် ရှုံးပွဲကြုံခဲ့သည်။ အသင်းခြေစွမ်းက ဆိုးရွားလှသည် မဟုတ်သော်လည်း နေရာအလိုက် အားနည်းမှု ကိုယ်စီရှိနေပြီး အဓိက အချက်မှာ အသင်း၏ ဝိညာဉ် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ဧရာဝတီ ကစားပုံကို ကြည့်ရသည်မှာ တစ်စုံတစ်ခု ပျောက်ဆုံးနေပုံမျိုး ဖြစ်သည်။ မဆိုးရွားသော်လည်း မပြည့်စုံ။ ထိုပြဿနာကို အသင်း တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ဧရာဝတီ အနေဖြင့် AFC Cup ပြိုင်ပွဲ တွင်လည်း အခက် ကြုံနိုင်ခြေ ရှိသည်။ နောက်တစ်ချက် ပြောစရာ ရှိသည်က ဧရာဝတီ ဂိုးသမား ဗန်လားဟရွယ် ဖြစ်သည်။ သီဟစည်သူ နေရာကို လက်ရွေးစင် အသင်းတွင် အစားဝင်မည့်သူ အဖြစ် မျှော်လင့်ခဲ့ကြ သော်လည်း ပျက်လိုက်သည့် အပျက်က ယခု သီဟစည်သူ ပြန်လာ နိုင်သည်အထိ သူပြန်မလာ နိုင်သေး။ မကွေးကို ပေးခဲ့ရသည့် ဂိုးများကို ကြည့်ပါက သုံးဂိုးလုံး သူ၏ အမှား မကင်းပေ။ ဧရာဝတီ အနေဖြင့် ဒုတိယပိုင်းတွင် ပြန်လာ နိုင်ခဲ့သော်လည်း အနိုင်ရလောက်သည် အထိ ပြည့်စုံခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ချေပဂိုး ၂ ဂိုးသာ ပြန်ရခဲ့ပြီး ပွဲအပြီးတွင် မကွေးကို (၃-၂) ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။