ထင်မှတ်မထားသည့် ရလဒ်များဖြင့် စွဲဆောင်နိုင်ခဲ့သည့် Ooredoo MNL 2016 ပွဲစဉ် ၂ သုံးသပ်ချက်
January 28, 2016ရလဒ်ဆိုး၊ ဖိအားများနေတဲ့ ဧရာဝတီ-ရန်ကုန်တို့ အားပြိုင်မှုကို မြင်ရမယ့် Ooredoo MNL 2016 (week 4) ပွဲစဉ်များ
January 28, 2016ပီးခဲသည့် ဇန်နဝါရီ ၂၃၊ ၂၄ ရက်များက ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ တွင် ပွဲအများစု၌ မျှော်လင့်ထားသည့် ရလဒ်များသာ ထွက်ပေါ် ခဲ့သော်လည်း မထင်မှတ်သည့် ရလဒ်များ ထွက်ပေါ်ခဲ့သည့် ပွဲများလည်း ရှိခဲ့သည်။ အထူးသဖြင့် အမှတ်ပေး ဇယားကို ခြေစွမ်းပြ ဦးဆောင်နေသူ မကွေးကို ချင်းယူနိုက်တက်က အနိုင်ရလိုက်ခြင်းမှာ အမှတ်ပေးဇယား ဦးဆောင်သူ နေရာကို အပြောင်းအလဲ ဖြစ်စေသကဲ့သို့ MNL တွင် မည်သည့် အသင်းကိုမျှ အလွယ်တကူ အနိုင်မရနိုင်ဟု တပ်လှန့်လိုက်သလိုပင်။ ထို့အတူပင် ပုသိမ်မြို့ရှိ ဧရာဝတီ အိမ်ကွင်းတွင် ဧည့်သည် ဟံသာဝတီက ဂိုးပြတ် နိုင်ခဲ့ခြင်းမှာလည်း မည်သို့မျှ မျှော်လင့် မထားသည့် ရလဒ်ပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေ Ooredoo MNL 2016 ပြိုင်ပွဲကြီးကတော့ အရှိန်အဟုန်ပြင်းပြင်း၊ အလှည့်အပြောင်း မြန်မြန်နှင့် စွဲဆောင်နေပြီ ဖြစ်သည်။
လမ်းကြောင်းမှန်ပေါ် ပြန်တက်လာသည့် ရန်ကုန်
ဆောက်သမ်းကို ဂိုးပြတ် နိုင်ခဲ့သည့် ပွဲစဉ် ၂ မှ အခင်းအကျင်းကို ရှမ်းယူနိုက်တက် နည်းပြချုပ် ရူသာက ယခုပွဲတွင် အပြောင်းအလဲ လုပ်ခဲ့ပြန်သည်။ အခင်းအကျင်း အသစ်၏ အစွမ်းကို မသိရခင်မှာပင် အဓိက ကွင်းလယ်လူ ဂူစတာဗို ဒဏ်ရာဖြင့် ထွက်သွားခဲ့ သလို ဘောလုံး ဖြန့်ဖြူးမှုများကို တာဝန်ယူထားဟန် ရှိသည့် နေလင်းထွန်းကလည်း ထိရောက်သည့် ဖြန့်ဖြူးမှုများ ပြုလုပ်နိုင်ခြင်း မရှိသည့် အတွက် ပွဲချိန်အတွင်း ရှမ်းယူနိုက်တက်၏ ခြေစွမ်း မကောင်းခဲ့ပါ။ အထောင် တိုက်စစ်မှူး ဘီရှက်မှာလည်း ပွဲချိန် အတော် များများတွင် ကွင်းလယ်ထိ ဘောလုံး ဆင်းတောင်း နေရသဖြင့် တိုက်စစ်ပိုင်းလည်း အားနည်း ခဲ့ရသည်။ ရန်ကုန်ကတော့ ဆန့်ကျင်ဘက် ဖြစ်သည်။ ယခင်နှစ်များကကဲ့သို့ ခြေစွမ်းမျိုး ပြန်မရ သေးသော်လည်း ယခုပွဲတွင် အတော်လေး ပြန်တက် လာသည် ကတော့ အမှန်ပင်။ ဇော်မင်းထွန်းကို ကွင်းလယ် တက်ကစား စေခဲ့သည့် ရန်ကုန် နည်းပြချုပ် မာယန်၏ နည်းဗျူဟာ မှန်ကန် ခဲ့ပြီး ဇော်မင်းထွန်းက ကွင်းလယ်မှ ဒိုင်ခံ ဖျက်နေသောကြောင့် ခံစစ် ကစားသမားများ အတော်ပင် သက်သာခဲ့သည်။ အသင်းလိုက် ကစားပုံလည်း တိုးတက် လာပြီး ဂိုးသွင်းခွင့်များလည်း ရခဲ့သည်။ အက်ဒီလ်ဆင် ညံ့နေသောကြောင့်သာ။
ပွဲကတော့ လက်ရှိချန်ပီယံနှင့် ချန်ပီယံ စိန်ခေါ်သူတို့၏ အားပြိုင်ပွဲ ပီပီ အကြိတ်အနယ် ရှိခဲ့သလို စိတ်လှုပ်ရှားဖွယ် ရလဒ်မျိုးလည်း ရှိခဲ့သည်။ ရန်ကုန်က ဦးဆောင်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်သည် ကမ္ဘောဇက အပြင်းအထန် ကြိုးစားပြီး နောက်မှ လိုက်လံ ချေပနိုင်ခဲ့သည်။ ပွဲချိန်ပြည့် အားထုတ်မှုများဖြင့် ပွဲက ကြည့်ကောင်းခဲ့ပါသည်။ ခြေစွမ်းပိုင်း အားနည်းချက် အချို့ ရှိနေသေး သည်ကိုတော့ ချွင်းချက် ထားရလိမ့်မည်။ ပွဲပြီး ရလဒ်က ရှမ်း ၁-၁ ရန်ကုန် ဖြစ်သည်။
ကြိုးစားမှု၏ ရလဒ်
ဘောလုံးဆိုသည်မှာ တစ်ဦးတစ်ယောက်ကောင်းဖြင့် ကစားရသော ကစားနည်းမဟုတ်၊ စုစည်းအားဖြင့် ကစားရသော ကစားနည်းဟု ဆိုကြသည်။ သို့သော် MNL တွင် အသင်းအများစုမှာ ထိုအချက်ကို မသိမသာသော်၎င်း၊ သိသိသာသာသော်၎င်း မျက်ကွယ်ပြုကာ ထူးချွန် ကစားသမားကို အမှီပြုပြီး အသင်းကို တည်ဆောက်လျှက် ရှိကြသည်။ သို့သော် ချွင်းချက် အနေဖြင့် ဟံသာဝတီကတော့ စုစည်းမှုကို အားပြုကာ တစ်ကယ့် ဘောလုံး အသင်း စစ်စစ် ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။ ဟံသာဝတီတွင် ထူးချွန် ကစားသမားမရှိ။ ကစားသမား အားလုံး ပွဲချိန်အတွင်း အပြင်းအထန် ကြိုးစားကြသည်။ ဤသို့ဖြင့်ပင် ရာသီအစ အသင်းကြီး သုံးသင်းနှင့် တွေ့ဆုံရာ၌ ဟံသာဝတီက ရှုံးပွဲမရှိဖြင့် ရမှတ် ၇ မှတ် ရယူနိုင်ခဲ့လေသည်။
ဧရာဝတီကတော့ ဆန့်ကျင်ဘက်။ ကစားသမားအင်အားက ဟံသာဝတီထက် သာသော်လည်း အသင်းလိုက် စုစည်းမှုက လုံးဝ ပျက်ပြားနေသည်။ မြန်မာနေရှင်နယ်လိဂ် ၃ ပွဲ ကစားပြီးချိန်တွင် ယခုပွဲက အဆိုးဆုံး ဖြစ်သည်။ တိုက်စစ်ပိုင်းက ပွဲတိုင်း ဂိုးရအောင် သွင်းပေး နေသော်လည်း ခံစစ်ပိုင်းက ဆိုးရွားလှသည်။ ယခုပွဲတွင် ပေးရသည့် ဂိုးများအားလုံးက ခံစစ်ပိုင်း အားနည်းမှု၊ ဂိုးသမား အားနည်းမှု များကြောင့် ဖြစ်သည်။ ဧရာဝတီ၏ ယိုယွင်းမှုများက ဆိုးရွားလှရာ အချိန်မီ ပြင်ဆင်နိုင်ရေး မျှော်လင့်ရန်သာ ရှိပါတော့သည်။ ထိုပွဲတွင် ဟံသာဝတီက (၁-၄)ဂိုးဖြင့် နိုင်ခဲ့သည်။
ရတနာပုံတို့ ပေါက်ကွဲပြီ
ပြီးခဲ့သည့် အပတ်က ချင်းကို သရေကျခဲ့ပြီးနောက် ယခုတစ်ပတ်တွင် Horizon အပေါ် ရတနာပုံတို့ ပေါက်ကွဲခဲ့သည်။ ချင်းနှင့်ပွဲထက် ကွာခြားသွားသည်က အာရုံစူးစိုက်မှု ဖြစ်သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ ဂိုးများ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ Horizon အနေဖြင့်လည်း ဂိုးပြတ် ရှုံးနိမ့်ခဲ့သည် ဆိုသော်ငြား ပုံစံကောင်းကို ပြနိုင်ခဲ့ပါသည်။ ကစားသမားကောင်း ပေါများသည့် ရတနာပုံ၏ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း အခွင့်အရေး ရချိန်တွင် တန်ပြန်တိုက်စစ်ဖြင့် ထိရောက်စွာ ခြိမ်းခြောက် နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ပင်နယ်တီမှ ချေပဂိုး ပြန်သွင်း နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုပွဲတွင် ရတနာပုံအတွက် ကျေနပ်စရာ ကောင်းသည် က အောင်သူဂိုးပေါက် တွေ့သွားခြင်းနှင့် ဂိုးများကို ကစားသမား ၄ ဦးက သွင်းပေးခဲ့ခြင်း တို့ ဖြစ် သည်။ နေရာစုံ၊ လူစုံ ဂိုးသွင်းစွမ်းရည် ရှိခြင်းက ချန်ပီယံ မျှော်မှန်းနေသည့် အသင်းတစ်သင်း အတွက် အရေးပါလှ ပါသည်။ ထိုဂိုးပြတ် နိုင်ပွဲကြောင့်ပင် ပွဲစဉ် ၃ ပြီးဆုံးချိန်၌ အမှတ် ပေးဇယား ထိပ်ဆုံး နေရာကို ရတနာပုံတို့ ရယူနိုင်ခဲ့သည်။ ပွဲရလဒ်က Horizon (၁-၅) ရတနာပုံ ဖြစ်သည်။
ရှုံးပွဲမရှိ ခရီးဆက်နေဆဲ ဇေယျာရွှေမြေ
ဇေယျာရွှေမြေက ယခုတစ်ပတ်တွင် ဆောက်သမ်းမြန်မာကို အနိုင်ရကာ အမှတ်ပေးဇယား တတိယနေရာ၌ ထိပ်ဆုံးမှ ရတနာပုံ၊ ဒုတိယနေရာမှ ဟံသာဝတီတို့နှင့် အမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ခြေစွမ်းပိုင်း အကောင်းဆုံး ပုံစံတွင် မရှိသေး သော်လည်း လိုအပ်သည့် နိုင်ပွဲကိုတော့ ရယူနိုင်စွမ်း ဇေယျာရွှေမြေတွင် ရှိနေသည်။ သို့သော် ပြီးခဲ့သည့် အပတ်ကမှ ခြေတက်နေသည့် ရခိုင်ကို သရေလိုက်ကစား ခဲ့ရသည် ဖြစ်ရာ ဇေယျာရွှေမြေ၏ ခြေစွမ်းကို မြှင့်တွက်ရန် ခဲယဉ်းနေပါ သေးသည်။ ဆောက်သမ်းကတော့ ခုခြေနှင့်ဆိုလျှင် မလွယ်။ အသင်းလိုက် ခြေစွမ်းနှင့် စုစည်းအားက အရင်ဆောက်သမ်း မဟုတ်တော့သလို နိုင်ငံခြား ကစားသမား ပါဝင်ခြင်း မရှိသည်ကလည်း အသင်း၏ အနာဂါတ်ကို အဆုံးအဖြတ် ပေးသွားဖွယ် ရှိနေသည်။ ရလဒ်က ဆောက်သမ်း (ဝ-၂) ဇေယျာရွှေမြေ။
နိုင်ပွဲပြန်ရသည့် ဇွဲကပင်
Horizon ကို အမှတ်မထင် ရှုံးခဲ့သော်လည်း ယခုတစ်ပတ်တွင် ဇွဲကပင် အနေဖြင့် ရခိုင်ကို အနိုင်ကစားကာ မူလခြေစွမ်းကို ပြန်လည် ပြသ နိုင်ခဲ့သည်။ ရခိုင် ယူနိုက်တက် ကတော့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့။ ဇွဲကပင်တွင် တခုတ်တရ ချီးကျုးသင့်သည်က တစ်ကျော့ပြန် ခြေစွမ်းပြလာသည့် လက်ရွေးစင်ဟောင်း အောင်မိုး ဖြစ်သည်။ ဟံသာဝတီတွင် ခြေစွမ်းပြနိုင် ခဲ့သော်လည်း ရန်ကုန်တွင် အောင်မိုး၏ ခြေစွမ်းက ပေါ်တစ်လှည့် မြုပ်တစ်လှည့်။ ခုတော့ နိမ့်ပါး ခဲ့သမျှကို ဇွဲကပင်တွင် အောင်မိုး ပေါက်ကွဲ ပြနေသည်။ သုံးပွဲ ကစားပြီးချိန်တွင် သွင်းဂိုးက သုံးဂိုး ရထားသည်။ နောက်ဆုံး ကစားခဲ့သည့် ရခိုင်နှင့် ပွဲဆိုလျှင် အောင်မိုးသွင်းပေး ခဲ့သည်က အနိုင်ဂိုး ဖြစ်သည်။ အလားတူပင် ရခိုင် ယူနိုက်တက် တွင်လည်း မကွေးမှ ပြောင်းလာခဲ့သည့် လက်ရွေးစင်ဟောင်း မျိုးဇော်ဦး ခြေစွမ်းပြလျှက် ရှိသည်။ နှစ်ပွဲဆက် ဂိုးသွင်းထားပြီး သွင်းထားသည့် ဂိုးတွေကလည်း အဆင့်မြင့်သည်။ မကွေးအသင်းနှင့် တောက်ပလာခဲ့သည့် ကစားသမား တစ်ဦး ဖြစ်သော်လည်း ပြီးခဲ့သည့် ရာသီက မျိုးဇော်ဦး နေရာမရ။ ထို့ကြောင့် ပွဲထွက်ခွင့် ရမည့် အသင်းကို ပြောင်းလာခဲ့ပုံရသည်။ ဒီခြေ အတိုင်းဆို မျိုးဇော်ဦး တစ်ယောက် လက်ရွေးစင် အသင်းကို တံခါးပြန်ခေါက် နိုင်မည်လား စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။ ပွဲပြီး ရလဒ်က ရခိုင် (၁-၂) ဇွဲကပင် ဖြစ်သည်။
မထင်မှတ်သည့် မကွေး၏ အရှုံး
အသင်းကြီးနှစ်သင်းကို ဆက်တိုက် အနိုင်ရထားသည့် ဦးကြည်လွင်၏ မကွေးအသင်းက ချင်းယူနိုက်တက်ကို ရှုံးသွားခဲ့သည်။ တစ်ကယ့်ကို မထင်မှတ်သည့် ရလဒ်ပင်။ ရတနာပုံကို သရေရအောင် ကစားနိုင်ခဲ့သော်လည်း ယခုပွဲအတွက် ချင်းကို အထင်ကြီးခဲ့သည် မဟုတ်ပါ။ အသင်းကြီးများကို ဆက်တိုက် အနိုင်ရခဲ့သည့် မကွေးကိုသာ အထင်တကြီး ရှိခဲ့ကြသည်။ ပွဲစပြီး မကြာမီမှာပင် ချင်းက ဦးဆောင်ဂိုး ရသည်။ ထို့နောက် ဒုတိယဂိုး ရသည်။ ပထမပိုင်း ပြီးသွားသည် အထိ မကွေးအသင်း ပြန်လာမည်ဟု ယုံကြည်နေ တုန်းပင်။ အထူးကြိုးစားခဲ့သည့် ချင်းအသင်း အတွက် ထိုအတွေးကြောင့် အားနာ ရပါသည်။ ထင်မှတ်ထားသလို မကွေး အသင်း ပြန်မလာ နိုင်ခဲ့ပါ။ နောက်ကျဂိုးဖြင့် ချေပဂိုးတစ်ဂိုး ရယူနိုင်ခဲ့ သော်လည်း သရေတစ်မှတ် ခွဲယူရန်ပင် လုံလောက် ခဲ့ခြင်း မရှိခဲ့ပါ။ ချင်းယူနိုက်တက်၏ စိတ်ဓာတ်နှင့် အားထုတ်မှုကတော့ ချီးကျူးဖွယ်ပင် ဖြစ်သည်။ အဖွင့်ပွဲတွင် ဇွဲကပင်ကို ဂိုးပြတ် ရှုံးခဲ့သဖြင့် ဒီရာသီ ချင်းယူနိုက်တက် နိမ့်ပါးမည်လားဟု ထင်မှတ် ခဲ့သော်လည်း မကွေးကို အနိုင်ကစားပြခဲ့သည်။ မကွေးကတော့ ယခုပွဲ အရှုံးကြောင့် အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို လက်လွှတ်ခဲ့ရကာ အဆင့် ၅ သို့ ဆင်းပေးခဲ့ရသည်။ ယင်းပွဲတွင် ချင်းယူနိုက်တက်က မကွေးကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။