Horizon ကို အသည်းအသန် ကစားပြီး သရေတစ်မှတ် ခွဲယူခဲ့ရသည့် မကွေး
February 1, 2016သုဝဏ္ဏအားကစားကွင်း၌ ကိုယ်ကာယလေ့ကျင့်ရေးခန်းမ ဖွင့်လှစ်
February 3, 2016ယနေ့ နံနက်(၁၀) နာရီတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့(AFC) ပူပေါင်း၍ AFC (C) လိုင်စင် နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို MFF အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲသို့ MFF အမှုဆောင်အရာရှိချုပ်နှင့် အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော်၊ MFF တွဲဖက် အထွေထွေ အတွင်းရေးမှူးနှင့် နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်း နည်းပြဆရာ ဦးဝင်းသူမိုး၊ MFF မှတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။
” အခုခေတ်ဟာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ ခေတ်ဖြစ်တဲ့အတွက် သင်တန်းသားတွေ အနေနဲ့ capacity စွမ်းအင်မရှိရင်မဖြစ်ပါဘူး။ အမြဲတမ်း တိုးတက်နေအောင် အစွမ်းကုန်ကြိုးစား သင်ယူနေရမှာဖြစ်ပါတယ်။ ထူးချွန်တဲ့ ဘောလုံး ကစားသမားတိုင်းဟာ ထူးချွန်တဲ့ နည်းပြများ မဟုတ်နိုင်သလို ထူးချွန်တဲ့ နည်းပြတိုင်းဟာလည်း ထူးချွန်တဲ့ ကစားသမားများ မဟုတ်နိုင်တဲ့အတွက် နှစ်ဖက်စလုံးမှာ ထူးထူးချွန်ချွန်ဖြစ်စေဖို့ ညီတူညီမျှဖြစ်စေဖို့ သင်တန်းသားများ ကြိုးစားသင်ယူကြပါ။ MNL ကလပ်အသင်းတွေမှာ နည်းပြတာဝန်ကို ထမ်းဆောင်နိုင် တဲ့သူတွေ ဖြစ်အောင် ကြိုးစားကြပါ” ဟု ဦးသန်းဇော်က အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးဝင်းသူမိုးမှ ” မြန်မာနိုင်ငံမှာ ၁၉၉၆ခုနှစ်ကစပြီး နည်းပြသင်တန်းတွေ ဖွင့်လှစ်ခဲ့တာ အကြိမ် (၄၀) ကျော်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သင်တန်းပြီးတဲ့အခါမှာ ထိထိရောက်ရောက် အသုံးချနိုင်မှုဟာ အရမ်းနည်းနေ ပါသေးတယ်။ အရည်အသွေး တိုးတက်အောင် ပိုပြီးလေ့လာသင်ယူရပါမယ်။ MFF မှ တာဝန်ရှိသူများကို အကြံပေး တိုက်တွန်းချင်တာ တစ်ခုရှိပါတယ်။ ဒါကတော့ ခု “စီ”လိုင်စင် သင်တန်းပြီးသွားတဲ့ နည်းပြတွေကို MNL ကလပ်အသင်းတွေမှာ လက်တွေ့ လေ့လာ သင်ယူနိုင်ဖို့ ဆောင်ရွက် ပေးစေချင်ပါတယ် ” ဟု အကြံပေး ပြောကြားခဲ့သည်။ ဦးဝင်းသူမိုးသည် အာရှဘောလုံး အဖွဲ့ချုပ်မှ Instructor ဖြစ်ပြီး “ဘီ” လိုင်စင်နည်းပြ သင်တန်း (၂)ကြိမ်၊ “စီ” လိုင်စင်နည်းပြသင်တန်း (၁၄)ကြိမ် စုစုပေါင်း နည်းပြ သင်တန်း (၁၆)ကြိမ် သင်ကြားပေးထားသော သင်တန်းနည်းပြ တစ်ဦးဖြစ်သည်။ ပြည်တွင်း သာမက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင်လည်း ” စီ” လိုင်စင်နည်းပြ သင်တန်းကို၂၀၁၅ခုနှစ် ဒီဇင်ဘာလ အတွင်း သွားရောက် သင်ကြားပေးထား သူလည်းဖြစ်သည်။
ယခု ဖွင့်လှစ်သည့် သင်တန်းကာလမှာ ၂၀၁၆ ဖေဖော်ဝါရီလ (၂) ရက်နေ့မှ (၁၅)ရက်နေ့အထိ ဖြစ်ပြီး အမျိုးသား အမျိုးသမီး လက်ရွေး စင်ဟောင်း ကစားသမားများနှင့် ကလပ်အသင်းများ၊ ဘောလုံးအကယ်ဒမီများမှ စုစုပေါင်း သင်တန်းသားဦးရေ (၂၃)ဦး တက်ရောက် သင်ကြားမည်ဖြစ်သည်။