Horizon ကို ဂိုးပြတ် အနိုင်ရကာ ရတနာပုံကို ဆက်လက် ဖိအားပေးသည့် ဟံသာဝတီ
February 8, 2016အရှိန်ရနေတဲ့ ရတနာပုံအသင်းကို ဇေယျာရွှေမြေတို့ ဟန့်တားနိုင်မလား Ooredoo MNL 2016 (Week 6) ပွဲစဉ်များ
February 10, 2016၂၀၁၆ Ooredoo မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ ပွဲစဉ် ၅ ပွဲစဉ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅၊ ၆၊ ၇ ရက်များက ကျင်းပပြီးစီး ခဲ့ပြီ ဖြစ်သည်။ ပွဲစဉ် ၅ တွင် ထူးခြားမှု အဖြစ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအဖွင့် ရလဒ်နှင့် ရင်ဆိုင်နေရသည့် လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်း နိုင်ပွဲစတင် ရရှိခဲ့ပြီး အခြေအနေ ကောင်းနေသည့် အသင်းများ နိုင်ပွဲများ ဆက်လက် ရယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ ပွဲစဉ် ၅ အရောက်တွင် အထက် အသင်းနှင့် အောက်အသင်းများ အနည်းငယ် ကွဲပြားမှု ရှိလာပြီ ဖြစ်သည်။
ပွဲစဉ် ၅ ရောက်မှ နိုင်ပွဲစရသည့် လက်ရှိ ချန်ပီယံ
လက်ရှိ ချန်ပီယံ ရန်ကုန် အနေဖြင့် ပွဲစဉ် ၅ အရောက်တွင်မှ ယခုရာသီ အတွက် ပထမဆုံး နိုင်ပွဲကို စတင် ရယူနိုင်ခဲ့သည်။ လေးပွဲ ကစားပြီးချိန်တွင် သုံးပွဲရှုံး၊ တစ်ပွဲ သရေ ဟူသည့် ရလဒ်ဆိုးကို ယခု အနိုင်ရလဒ်ဖြင့် ရပ်တန့်နိုင်ပြီဟု မျှော်လင့်ရသည်။ ရန်ကုန် အနေဖြင့် ယခုပွဲတွင် နိုင်ခဲ့သော်လည်း ခြေစွမ်းပိုင်း ကောင်းလွန်းလှသည် မဟုတ်ပေ။ ချင်းယူနိုက်တက် အသင်းကတော့ လက်ရှိ အချိန်ထိ ခြေမမှန်သေး။ ခြေစွမ်း အတော်ကောင်းသည့် ပွဲရှိသလို ပုံမှန်အောက် ရောက်နေသည့် ပွဲမျိုးလည်း ရှိသည်။ ခုပွဲတွင်လည်း ခြေစွမ်းပုံမှန်သာ ရှိပြီး ခံစစ်ပိုင်း စွမ်းဆောင်ရည်ရော၊ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ပါ အားနည်းလှသည်။ ထို့ကြောင့်လည်း ကောင်းလွန်းလှသည် မဟုတ်သည့် ရန်ကုန် တိုက်စစ်ကို မတားနိုင်ခြင်း ဖြစ်သည်။ သန်းပိုင် သွင်းယူသွားသည့် ဂိုးမှာလည်း ချင်း ခံစစ်ကြောင်း လူကပ်ပုံ အားနည်းမှုကြောင့် ပေးရခြင်း ဖြစ်သည်။
ယခုရာသီ ချင်းယူနိုက်တက် အသင်း၏ အားအနည်းဆုံး အပိုင်းက တိုက်စစ်ပိုင်း ဖြစ်သည်။ မကွေးကို နိုင်ခဲ့သည့် ပွဲနှင့် ဟံသာဝတီကို ရှုံးခဲ့သည့် ပွဲများတွင်သာ ချင်းယူနိုက်တက် ဂိုးသွင်းထားနိုင်ပြီး ကျန်သုံးပွဲတွင် လုံးဝ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့။ ငါးပွဲ ကစားပြီးချိန်တွင် သွင်းဂိုး ၃ ဂိုးသာ ရထားသည့် တိုက်စစ်ပိုင်းက အတော်ပင် အားနည်းသည်ဟု ဆိုနိုင်သည်။ ရန်ကုန်ကတော့ ရာသီအကုန်တွင် ချန်ပီယံ ဘွဲ့ကို ဆက်လက် ထိန်းသိမ်း လိုပါက ယခုထက်ပို၍ တိုးတက်ရန် လိုဦးမည် ဖြစ်သည်။ ချောင်ဘူရီ ပွဲတွင် ခြေစွမ်းပြခဲ့သည့် ကျော်ကိုကို ယခုပွဲတွင် မစွံခဲ့သလို မာဆယ်လိုလည်း ဘာမှ မလုပ်နိုင်ခဲ့။ ထိုအချိန်တွင် အရံခုံ ပို့ခံထားရသည့် အက်ဒီလ်ဆင် လူစား ဝင်လာခဲ့ပြီးမှ တိုက်စစ်ပိုင်း အနည်းငယ် လှုပ်လာခဲ့သည်။ တိုက်စစ်ပိုင်း အပြောင်းအလဲ လုပ်နိုင်ပါက ရလဒ် ကောင်းလာ နိုင်သည်ဟု ယူဆမိသည်။ ပွဲအပြီးတွင် ရန်ကုန်က သန်းပိုင်၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဧရာဝတီ ပြန်လာပြီလော
ပြီးခဲ့သည့် အပတ်က ရန်ကုန်ကို အနိုင်ရကာ နိုင်ပွဲ စတင်ရခဲ့သည့် ဧရာဝတီက ယခု တစ်ပတ် တွင်လည်း နာမည်ကြီး ရှမ်းယူနိုက်တက်ကို အနိုင်ကစားကာ အိမ်ကွင်း နှစ်ပွဲဆက် အနိုင်ဖြင့် ပရိသတ်များကို စိတ်ကျေနပ်မှု ရစေခဲ့သည်။ အနိုင်ရခဲ့ခြင်းနှင့် အတူ ပြောစရာ ရှိသည်က အသင်း၏ စိတ်ဓာတ်ပိုင်း ဖြစ်သည်။ ရန်ကုန်ကို နိုင်ခဲ့ခြင်းက အသင်း၏ စိတ်ဓာတ်ပိုင်းကို မြင့်တက်စေခဲ့ပြီး ယခုပွဲတွင် ရှမ်းယူနိုက်တက် အသင်းထက် နိုင်လိုစိတ် ပြင်းပြခဲ့သည်ကို ထင်ထင်ရှားရှား တွေ့ရသည်။ ဤခြေစွမ်းအတိုင်း ဆက်ထိန်းနိုင်ပါက ရာသီအကုန်တွင် အမြင့်တစ်နေရာသို့ ပြန်ရောက် လာဖွယ် ရှိသည်။
လေးပွဲ ကစားပြီးချိန်တွင် သရေ သုံးပွဲ၊ နိုင်ပွဲ တစ်ပွဲ ရထားသည့် ရှမ်းယူနိုက်တက် ကတော့ ပထမဆုံး ရှုံးပွဲကို လက်ခံခဲ့ရပြီ ဖြစ်သည်။
ပြင်ဆင်မှု အများဆုံး ပြုလုပ်ထားသည့် အသင်းဖြစ်သော်လည်း နိုင်ငံခြားသားများ အံမဝင်ခြင်း၊ ပြည်တွင်း ကစားသမားများ အသင်းနှင့် တွဲဖက် မမိသေးခြင်း များကြောင့် ခြေစွမ်းကောင်း ရရန် ခက်ခဲနေဆဲ ဖြစ်သည်။ ရှမ်းယူနိုက်တက် တာဝန်ရှိသူများ အနေဖြင့် ယခုရာသီတွင် ပြည်တွင်း နာမည်ကြီးများကို လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့ သေ်ာလည်း အရေးကြီးသည့် နိုင်ငံခြားသား ခေါ်ယူမှု တွင် ပေါ့ဆခဲ့ဟန် ရှိသည်။ ခေါ်ယူထားသည့် နိုင်ငံခြားသား ၄ ဦးစလုံး ခုချိန်ထိ ခြေစွမ်းပြနိုင်ခြင်း မရှိသေး။ ထိုထဲတွင် အကောင်းဆုံးဟု ဆိုရမည့် ဂူစတာဗိုပင် အချို့ပွဲများ၌ ခြေစွမ်းက သာမာန်အောက်သာ ရှိသည်။ အခြား ကစားသမားများမှာမူ အသင်းငယ်များက ခေါ်ယူထားသည့် ကစားသမားများ လောက်ပင် အသင်းကို အကျိုးပြုနိုင်ခြင်း မရှိသေးပေ။ ရှမ်းယူနိုက်တက် အနေဖြင့် လက်ရှိ ခြေစွမ်းအတိုင်း ဆက်သွားပါက ချန်ပီယံ အိပ်မက်ကို ဝေးဝေးမှာပင် ထားရဦးမည် ဖြစ်သည်။ ပွဲအပြီး ရလဒ်က ဧရာဝတီ (၂-ဝ) ရှမ်း ဖြစ်သည်။
အမှားအယွင်းကင်းကင်း ခရီးဆက်ဆဲ ရတနာပုံ
ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူရန် ချိန်ရွယ်နေသည့် ရတနာပုံ အသင်းကတော့ အမှားအယွင်း ကင်းကင်း၊ ခြေစွမ်း တည်တည် ငြိမ်ငြိမ်ဖြင့် ခရီးဆက်လျှက် ရှိသည်။ ပွဲစဉ် ၂ တွင် ချင်းယူနိုက်တက်ကို သရေကျခဲ့သည့် ပွဲမှ လွဲ၍ ကျန်ပွဲများ အားလုံးကို အနိုင်က စားထား နိုင်သည်။ ခြေစွမ်းပိုင်းလည်း တည်ငြိမ်လျှက် ရှိပြီး တိုက်စစ်၊ ခံစစ် မျှတသည်။ လူငယ် ကစားသမားများရော၊ နိုင်ငံခြားသားများပါ အတွဲညီညီ ကစားနိုင်လျှက် ရှိသည်။ လက်ရှိ ခြေစွမ်းအရတော့ ရတနာပုံကို ခံကစားနိုင်မည့် အသင်းဟူ၍ ဟံသာဝတီ တစ်သင်းသာ မြင်မိသည်။ ဆောက်သမ်း အတွက်တော့ ထွေထွေထူးထူး ပြောစရာ မရှိပါ။ လက်ရှိ အချိန်ထိ ရမှတ် တစ်မှတ်မျှ ရရှိခြင်း မရှိသေးသည့် အတွက်လည်း အံ့သြစရာ မရှိပါ။ ယခုနှစ် MNL တွင် အသင်းအားလုံး ဆောက်သမ်းထက်တော့ အားထည့် ပြင်ဆင် ထားသည်ချည်း ဖြစ်သည်။ ထို့ကြောင့်လည်း သရေတစ်မှတ်ပင် မရယူနိုင်သေးခြင်း ဖြစ်သည်။ ခုပုံအတိုင်း ဆိုလျှင်တော့ နောက် ရာသီတွင် ဆောက်သမ်းကို MNL ၌ မြင်ရဖွယ် မရှိတော့။ ဘာပဲပြောပြော တစ်ချိန်က တောက်ကြွားခဲ့ဖူးသည့် အသင်းတစ်သင်း အတွက် ရင်နာရသည်ကတော့ အမှန်ပင်။ ထိုပွဲ၏ ပွဲပြီး ရလဒ်က ဆောက်သမ်း (ဝ-၂) ရတနာပုံ ဖြစ်သည်။
အိမ်ကွင်း သုံးပွဲဆက် သရေနှင့် ဇေယျာရွှေမြေ
တစ်ချိန်က အိမ်ကွင်းဆို သုံးမှတ် သေချာခဲ့သည့် ဇေယျာရွှေမြေ အတွက် အိမ်ကွင်းပွဲများက မသာယာတော့သည်မှာ ကြာပြီ ဖြစ်သည်။ ယခုလည်းကြည့်။ ပွဲစဉ် ၅ အပြီးတွင် အိမ်ကွင်း၌ သုံးပွဲ ကစားခွင့် ရခဲ့သော်လည်း ပွဲတိုင်း သရေကျခဲ့သည်။ အိမ်ကွင်း ပရိသတ် အတွက် အနိုင်ရလဒ် ယူပေးနိုင်ရေးက ဇေယျာရွှေမြေ အတွက် အတော်ပင် ခက်ခဲနေဟန် ရှိသည်။ ဇေယျာရွှေမြေ နည်းပြအဖွဲ့ အနေဖြင့် တိုက်စစ်ပိုင်း ပြဿနာကိုလည်း ဖြေရှင်းနိုင်သေးဟန် မတူပေ။ ယခုပွဲတွင်လည်း ဇေယျာရွှေမြေ အတွက် တစ်လုံးတည်းသော ဂိုးကို ဗစ်တာကပင် သွင်းပေးခဲ့သည်။ ဇွဲကပင်ကတော့ အမှားအယွင်း မရှိခဲ့ဟုပင် ဆိုရမည်။ ပုံမှန်ခြေစွမ်းကို ဆက်ထိန်းထားနိ ုင်သလို အဝေးကွင်းတွင် သရေတစ်မှတ် ရခဲ့သည့် အတွက် အရှုံးမရှိပါ။ လေးပွဲဆက် ဂိုးသွင်းထားသည့် ဇွဲကပင်၏ ဂိုးသွင်းသူရဲကောင်း အောင်မိုး ယခုပွဲတွင် ဂိုးသွင်းစံချိန် ရပ်တန့်သွားသော်လည်း တစ်ကျော့ပြန် ကောင်းစည်သူက အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့သည်မှာ စိတ်ကျေနပ်ဖွယ် ဖြစ်သည်။ ရလဒ်က ဇေယျာရွှေမြေ (၁-၁) ဇွဲကပင် ဖြစ်သည်။
Horizon ကြိုးစားသော်လည်း
အသင်းငယ် တစ်သင်းပင် ဖြစ်သော်ငြား Horizon အသင်း၏ ကြိုးစား အားထုတ်မှုများက ပွဲတိုင်းတွင် ရာနှုန်းပြည့် ဖြစ်ပါသည်။ ယခုပွဲ တွင်လည်း Horizon တို့ အထူးပင် ကြိုးစားခဲ့သည်။ သို့သော် သမိုင်းတစ်လျှောက် အကောင်းဆုံး စိတ်ဓာတ်ပိုင်း ရနေသည့် ဟံသာဝတီအား တားဆီးရန်တော့ မဖြစ်နိုင်ခဲ့ပါ။ Horizon ကို နိုင်လိုက်ခြင်းဖြင့် ဟံသာဝတီ အတွက် အဖိုးတန် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ သေ်ာလည်း အဓိက တိုက်စစ်သမား မောင်မောင်လွင် နာသွားခဲ့သည့် အတွက် ပေးဆပ်မှု ကြီးသွား ခဲ့ရသည်။ မောင်မောင်လွင် ထွက်သွားပြီး နောက်မှ ဂိုးနှစ်ဂိုး ရခဲ့ခြင်း ဖြစ်သော်လည်း ထိုအချိန်တွင် ဟံသာဝတီ၏ တိုက်စစ်ဆင်မှုများမှာ အကောင်းဆုံး ပုံစံတွင် ရှိမနေတော့ပါ။
Horizon အနေဖြင့် ကြိုးစား ခဲ့သော်လည်း အသင်းလိုက် နားလည်မှု အပိုင်းတွင် ယခင်ပွဲများကို မမီခဲ့ပါ။ ထို့ကြောင့် ဂိုးကန်သွင်းခွင့် ဟုတ်တိပတ်တိ ရခဲ့ခြင်း မရှိဘဲ ပွဲချိန် အများစုတွင် ဟံသာဝတီ၏ ဖိအားပေးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။ ဤ အရှုံးက Horizon အတွက်တော့ ပြဿနာ သိပ်မရှိပါ။ လက်ရှိ အားထုတ်မှုနှင့် ခြေစွမ်းကို ဆက်ထိန်းထားနိုင် ပါက ရာသီကုန်တွင် တန်းတင် ကျန်ရစ်ရန် သေချာနေပါသည်။ ဟံသာဝတီ ကတော့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခြင်း မရှိသော်လည်း အနိုင်သုံးမှတ်ကြောင့် ထိပ်ဆုံးမှ ရတနာပုံကို ရမှတ်တူဖြင့် လိုက်လံ ဖိအားပေးနိုင်ဆဲပင်။ ပွဲပြီး ရလဒ်က ဟံသာဝတီ (၃-ဝ) Horizon။
သရေတောထဲက မကွေး
ရာသီအဖွင့် ခြေစွမ်းအရ ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်မည့် အသင်းအဖြစ် ထင်ကြေးပေးခြင်း ခံခဲ့ရသော်လည်း ပွဲစဉ် ၃ မှ စကာ မကွေးအသင်း ပုံပျက်သွားခဲ့သည်။ ပန်းတိုင်မရောက်မီ တက်ထောင် လိုက်ခြင်းလား၊ ဘာလား၊ မသဲကွဲ သော်လည်း ရာသီအဖွင့် စိတ်ဓာတ်နှင့် ခြေစွမ်းက ပျောက်ဆုံးသွားခဲ့သည်မှာ အမှန်ပင်။ နှစ်ပွဲဆက် သရေကျခြင်းက ဆိုးရွားသည့် ရလဒ်မဟုတ်သော်လည်း သရေပွဲများနှင့် ယဉ်ပါးတတ်သည့် မကွေးအသင်းကြောင့် နောက်ထပ် သရေပွဲများ ထပ်မံကြုံတွေ့ဦးမလားဟု ထင်မြင်မိသည်။ ၂၀၁၃ ဘောလုံးရာသီတွင် မကွေးအသင်း အနေဖြင့် အဆိုးရွားဆုံး သရေပွဲများ ကြုံတွေ့ခဲ့ပြီး စုစုပေါင်း သရေပွဲ ၁၁ ပွဲထိ ရခဲ့သည့် အ
စဉ်အလာဆိုး ရှိခဲ့ဖူးသည်။ ရခိုင် ယူနိုက်တက် ကတော့ သူတို့အင်အားနှင့် ထိုက်တန်သည့် ရလဒ်ကို ရအောင် ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါကလည်း ရခိုင်ယူနိုက်တက် ကဲ့သို့သော အလယ်အလတ် အသင်းများ၏ ပုံစံပင်။ အသင်းကြီးများကို ရလဒ်အရ မနိုင်လျှင်တောင် အခက်အခဲ တွေ့အောင်တော့ အမြဲလို လုပ်သည်ချည်း ဖြစ်သည်။ ခုခြေစွမ်း အရတော့ ရာသီကုန်တွင် တန်းဆင်ဇုန်ထဲ မရပ်ရလောက်ပေ။ ရလဒ်က ရခိုင် (၁-၁) မကွေး ဖြစ်သည်။