ဇန်နဝါရီလ (၁၄)ရက် ညနေ (၄)နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် အူရီဒူးမြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆) ဒုတိယနေ့ ပွဲစဉ်အဖြစ် မကွေး အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁)ဂိုးဖြင့် သရေကျခဲ့သည်။
ဖိအားပေးခံရသည့်ကြားမှ ဆောက်သမ်းတို့ရဲ့ ဦးဆောင်ဂိုး
မကွေးအသင်းသည် ပထမပိုင်းစတင်စဉ်ကပင် ဆောက်သမ်းမြန်မာအသင်းကို တိုက်စစ်ဖြင့် အသာစီး ကစားနိုင်ခဲ့ သည်။ ဆောက်သမ်းမြန်မာအနေဖြင့် ဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း မကွေး၏တိုက်စစ်ကြောင့် ဂိုးအခွင့်အလမ်းများ အတော်ပင် အလှမ်းဝေးခဲ့ရသည်။ သို့သော် ပွဲချိန် မိနစ်(၂၀)တွင် မကွေး၏ နောက်တန်းကို ထိုးဖောက်ကာ ဆောက်သမ်းအတွက် ဦးဆောင်ဂိုးကို ကျောနံပါတ်(၅) ကျော်ဇင်ဝင်းက သွင်းယူပေးခဲ့သည်။ မကွေးအသင်းအနေဖြင့် ချေပဂိုးပြန်ရရှိရန် ကြိုးစားခဲ့ပြီး ဆောက်သမ်း၏ ဂိုးပေါက်ကို အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့သည်။ သို့သော် ဆောက်သမ်းနောက်တန်းနှင့် ဂိုးသမား ပြည့်ဖြိုးအောင်တို့၏ အကာအကွယ် ကောင်းမှုများကြောင့် ပထမပိုင်းပြီးသည်အထိ မကွေးတို့ ဂိုးမရရှိခဲ့ပေ။
တိုက်စစ်ပိုမိုမြှင့်လာတဲ့ မကွေး
ဒုတိယပိုင်းတွင် မကွေးအသင်းအနေဖြင့် ချေပဂိုးရရှိရန် ကြိုးစားသကဲ့သို့ ဆောက်သမ်းအသင်းအနေဖြင့်လည်း ဂိုးမပေးရရေးကို ဦးစားပေးကစားခဲ့သည့်အတွက် အကြိတ်အနယ်ရှိလှပေသည်။ ဒုတိယပိုင်းတွင် မကွေးအသင်း မှသာ ဘောလုံးအသာစီး ရရှိခဲ့ သည့်အတွက် ပွဲချိန် (၆၈)မိနစ်အရောက်တွင် မကွေးတို့ ချေပဂိုးရရှိခဲ့သည်။ ၎င်းချေပဂိုးကို ကျောနံပါတ် (၁၅) ဆယ်လာ မှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသင်းနှစ်သင်းစလုံးအနိုင်ဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း (၁-၁)ဖြင့်သာ သရေကျခဲ့သည်။