မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန်နည်းပြဟောင်း မစ္စတာရိုင်နာတို့ စာချုပ်ချုပ်ဆိုပြီးစီး
February 18, 2016ပဏာမအသက် (၁၄)နှစ်အောက် လူငယ်လက်ရွေးစင်အသင်း စတင်ဖွဲ့စည်း
February 25, 2016ကျင်းပလျှက် ရှိသည့် အူရီဒူး မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၇) ၏ ပွဲစဉ်များကို ပြီးခဲ့သည့် ၂၀၊ ၂၁၊ ၂၂ ရက်များက ကျင်းပခဲ့ရာ အမှတ်ပေးဇယားကို ဦးဆောင်နေသည့် ရတနာပုံအသင်း နိုင်ပွဲရပ်တန့် သွားခဲ့ပြီး ရာသီအဖွင့် ရလဒ်မကောင်း ခဲ့ကြသည့် ရန်ကုန်နှင့် ဧရာဝတီတို့ ကိုယ်စီနိုင်ပွဲများ ရရှိခဲ့ကြသည်။ နည်းပြသစ်ဖြင့် ခရီးဆက်လာ ခဲ့သည့် ရှမ်းယူနိုက်တက် အသင်းမှာမူ ရလဒ်ကောင်းခဲ့ခြင်း မရှိဘဲ အိမ်ကွင်းတွင် သရေရလဒ်သာ ရခဲ့သည်။ ယခုရာသီ အိမ်ကွင်း၌ နိုင်ပွဲမရသေးသည့် ဇေယျာရွှေမြေ အသင်းမှာမူ ယခုတစ်ပတ်တွင် ပထမဆုံး အိမ်ကွင်းနိုင်ပွဲကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
အိမ်ကွင်းမှာ သာသာယာယာ
ပွဲစဉ် ၄ မှ စကာ တောက်လျှောက် ခြေပြန်တက်လာသည့် ဧရာဝတီ ယူနိုက်တက်က အိမ်ကွင်းတွင် တန်းတက် Horizon ကို ဂိုးပြတ် အနိုင် ကစားခဲ့သည်။ Horizon က ခြေစွမ်း မာကျောသည့် အသင်းတစ်သင်း ဖြစ်သော်လည်း ရှမ်း၊ ရန်ကုန်တို့ ကဲ့သို့ အသင်းကြီးများပင် ဒူးထောက်ခဲ့ရသည့် ဧရာဝတီ အိမ်ကွင်း၌ ရလဒ်မကောင်းနိုင်မှန်း မှန်းဆနိုင်ခဲ့ပြီ ဖြစ်ရာ ရလဒ်ပိုင်းက ထူးဆန်းမှု မရှိခဲ့ပါ။ ရလဒ်ကောင်းများ ပြန်ရလာသည့် ဧရာဝတီ အနေဖြင့်လည်း AFC Cup ကစားရန် ရှိနေသည့် ကြားမှပင် ဖိဖိစီးစီး ကစားကာ အနိုင်ရလဒ် ရအောင် ယူကာ ပရိသတ်များကို စိတ်ကျေနပ်မှု ရစေခဲ့သည်။
ဧရာဝတီ၏ နိုင်ပွဲဆက်မှုနှင့် အတူ တခုတ်တရ ချီးကျူးသင့်သူ တစ်ယောက်က လူငယ် ကစားသမား တစ်ဦးဖြစ်သူ အောင်ကျော်နိုင် ဖြစ်သည်။ မင်းမင်းသူ၊ ကျော်ဇေယျာဝင်း စသည့် ဝါရင့်များ၏ အားထုတ်မှုက အရေးပါသည် ဖြစ်သော်လည်း တစ်ချိန်က နေလင်းထွန်း၏ လောင်းရိပ်မိနေခဲ့သူ အောင်ကျော်နိုင်၏ တောက်ပမှုကတော့ အသိအမှတ် ပြုချင်စရာ ဖြစ်သည်။ ရှမ်း၊ ချင်း၊ Horizon စသည့် အသင်းများကို သုံးပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည့် အောင်ကျော်နိုင်၏ ခြေစွမ်းကတော့ နောက်ပွဲများတွင်ပါ သတိထား စောင့်ကြည့်ရမည့် စာရင်းထဲသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။ ထိုပွဲတွင် ဧရာဝတီက အောင်ကျော်နိုင်၊ ခရစ္စတိုဖာ တို့၏ သွင်းဂိုးများကြောင့် (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန် နိုင်ခဲ့သော်လည်း
နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့ခြင်း၊ ကြည်လင်း ၂ ပွဲဆက် ဂိုးသွင်း နိုင်ခဲ့ခြင်း၊ ခြေစွမ်းပိုင်း ရစ်သမ် ပြန်မိလာခြင်း၊ ခံစစ် အတွဲသစ်ကို စမ်းသပ်နိုင်ခဲ့ခြင်း စသည့် စိတ်ကျေနပ်ဖွယ် အချက်များ ရှိခဲ့သော်လည်း အဓိက နောက်ခံလူ ယာမာရှီတာ ပုခုံးဒဏ်ရာ ရခဲ့ခြင်းနှင့် ရခိုင် ယူနိုက်တက်၏ သွင်းဂိုးတစ်ဂိုး ပယ်ဖျက်ခံရခြင်း များက ရန်ကုန်၏ နိုင်ပွဲကို အနည်းငယ် မလှမပ ဖြစ်စေခဲ့သည်။ ယခုပွဲတွင် ရန်ကုန် အနေဖြင့် ခြေစွမ်းပိုင်း ပုံစံကောင်း ရရှိခဲ့ပြီး ယခင်ပွဲများတွင် ခြေစွမ်းပြခဲ့သည့် ရခိုင်ယူနိုက်တက် မှာလည်း ပွဲချိန် အများစုတွင် ရန်ကုန်၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ ရန်ကုန် အနေဖြင့် ယခုပွဲတွင် လူငယ် နောက်ခံလူ သီဟထက်အောင်ကို ပွဲထုတ်ခဲ့ခြင်း ဖြစ်ရာ ယာမာရှီတာ ဒဏ်ရာရသွားပြီးနောက် အဆိုးထဲမှ အကောင်းအဖြစ် အခြား လူငယ် နောက်ခံလူ တစ်ဦးဖြစ်သူ သိန်းဇော်ကို စမ်းသပ်ခွင့် ရခဲ့သည်။ ယခုပွဲမှ ခြေစွမ်းအရ သိန်းဇော်နှင့် သီဟထက်အောင် အတွဲမှာ ရန်ကုန်၏ အနာဂါတ် ခံစစ်အတွဲ ဖြစ်လာဖွယ် ရှိနေသည်။
ရခိုင် ယူနိုက်တက် အနေဖြင့်မူ ပွဲချိန် အများစုတွင် ရန်ကုန်၏ လွှမ်းမိုးမှုကို ခံခဲ့ရသည် ဆိုသော်လည်း တန်ပြန်တိုက်စစ်များမှ တဆင့် ခြိမ်းခြောက်မှုများ ထိရောက်ခဲ့ပြီး ရန်ကုန်ကို အလုပ်ပေးနိုင်ခဲ့သည်။ ရခိုင်ယူနိုက်တက် အတွက် နစ်နာခဲ့သည့် အချက်မှာ ပထမပိုင်း နောက်ဆုံးမိနစ်တွင် ရရှိခဲ့သည့် သွင်းဂိုးကို လူကြွံဘော သတ်မှတ် ခံခဲ့ရခြင်း ဖြစ်သည်။ ထိုဂိုးသာ ရခဲ့ပါက ရလဒ် တစ်မျိုးတစ်ဖုံ ပြောင်းသွား နိုင်မည့် အခြေအနေ ရှိခဲ့သည်။ ရခိုင် အသင်း ရရှိခဲ့သည့် အန်ဒရေ၏ ချေပဂိုးကတော့ လှပသည့် သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့သည်။ အန်ဒရေ၏ တိကျသည့် တည်ကန်ဘောများကြောင့် နောင်ဆိုလျှင် ဘောလုံး တည်လိုက်သည်နှင့် ပြိုင်ဘက် ဂိုးသမားများကို ဂယောင်ခြောက်ခြား ဖြစ်စေနိုင်မည့်ပုံ ရှိသည်။ ထိုပွဲတွင် ရန်ကုန်က (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
နိုင်ပွဲရပ်သွားခဲ့သည့် ဦးဆောင်သူ
အမှတ်ပေးဇယားကို ဦးဆောင် နေခဲ့သည့် ရတနာပုံကတော့ ခြေစွမ်းမာကျောလှသည့် ဇွဲကပင်ကို အဝေးကွင်းတွင် နောက်မှ လိုက်ကစား ခဲ့ရပြီး သရေတစ်မှတ်ကို အသည်းအသန် ခွဲယူခဲ့ရသည်။ ရာသီ အစပိုင်းမှ စတင်ကာ တောက်လျှောက် တွေ့ဆုံခဲ့သမျှ အသင်းများတွင် ခြေစွမ်း အကောင်းဆုံး အသင်းဖြစ်သည့် ဇွဲကပင်နှင့် ပွဲတွင် ရတနာပုံ အနေဖြင့် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုငခဲ့ သော်လည်း ခြေစွမ်းပိုင်း သိသိသာသာ အသာစီး ရခဲ့သည် မဟုတ်ပေ။ အပိုင်အခွင့်အရေး ဖန်တီးမှု အပိုင်းတွင် ဇွဲကပင်ကပင် အသာစီး ရခဲ့သည်။ ဂျူနီယာ၏ အခွင့်အရေး နှစ်ကြိမ်နှင့် တင်ဝင်းအောင်၏ အခွင့်အရေး တစ်ကြိမ်တို့ လွဲချော်ခဲ့သော ကြောင့်သာ ရတနာပုံ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ တင်ဝင်းအောင်၏ သွင်းဂိုးကတော့ တစ်ကယ့်ကို ချိန်သားကိုက် လှုပ်ရှားနိုင်ခဲ့ခြင်းပင်။
ရတနာပုံ၏ လူငယ်များက ကြိုးစားကြပါသည်။ ထိုလူငယ်များကို တစ်ချိန်လုံး နီးပါး လိုက်လံ ထိန်းချုပ်နိုင်ခဲ့သည့် ဇွဲကပင်၏ သက်ကြီး ကစားသမားများက ပို၍ပင် ကြိုးစားသည်ဟု ဆိုရမည် ဖြစ်သည်။ ယခုနှစ်တွင် ရတနာပုံ အသင်းအနေဖြင့် လူငယ် ကစားသမားများ၏ အင်အားဖြင့် ခြေစွမ်းကောင်း ပြသနေ သော်လည်း အတွေ့အကြုံပိုင်း လိုအပ်နေဆဲဟု ယူဆရသည်။ ထိုအားနည်းချက်ကိုသာ ပြင်ဆင်နိုင်ပါက ချန်ပီယံဆုက ရတနာပုံလက်မှ ပြေးလွတ်ရန် မရှိပါ။ အောင်သူ၏ ချေပဂိုးကတော့ သပ်ရပ်လှပါသည်။ ပွဲရလဒ်က ဇွဲကပင် (၁-၁) ရတနာပုံ ဖြစ်သည်။
နိုင်ပွဲပျောက်ဆဲ
အိမ်ကွင်းကိုယ်ပိုင် ရှိသည့် အသင်း ငါးသင်းတွင် ကျန်အသင်း ၄ သင်းစလုံး အိမ်ကွင်း၌ နိုင်ပွဲရခဲ့ပြီ ဖြစ်သော်လည်း ရှမ်းယူနိုက်တက် ကတော့ ခုချိန်ထိ အိမ်ကွင်း၌ နိုင်ပွဲပျောက်နေဆဲ ဖြစ်သလို ရလဒ်ဆိုးများ အတွင်းမှလည်း ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် အပတ်က ဇွဲကပင်ကို ရှုံးခဲ့ပြီးနောက် နည်းပြချုပ် အပြောင်းအလဲ လုပ်ခဲ့သည့် ရှမ်းယူနိုက်တက်မှာ နည်းပြချုပ်အဖြစ် ပြန်လည် တာဝန်ယူသည့် ဦးစိုးမြတ်မင်း လက်ထက်တွင်လည်း သိသိသာသာ ခြေစွမ်း တက်လာခြင်း မရှိခဲ့ပေ။
ရလဒ်ဆိုးနေသည့် ချင်းယူနိုက်တက် ကတော့ ယခုပွဲတွင် အားထုတ်မှု ကောင်းခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ရှမ်းယူနိုက်တက်အား နိုင်ပွဲ ပြန်လည် ရရှိရန် အတွက် ဦးစိုးမြတ်မင်း အနေဖြင့် အပြောင်းအလဲ အချို့ကို ရဲရဲဝံ့ဝံ့ ပြုလုပ်သင့်ပြီဟု ယူဆရသည်။ ရလဒ်က ရှမ်းယူနိုက်တက် (၁-၁) ချင်းယူနိုက်တက် ဖြစ်သည်။
အိမ်ကွင်းတွင် နိုင်ပွဲ စရသည့် ဇေယျာရွှေမြေ
အိမ်ကွင်းတွင် လုံးဝနိုင်ပွဲ မရသေးသည့် ဇေယျာရွှေမြေက ယခုတစ်ပတ်တွင် ခြေစွမ်းယိမ်းယိုင်နေသည့် မကွေးကို အနိုင်ယူကာ အိမ်ကွင်း၌ နိုင်ပွဲပျောက်နေမှုကို အဆုံးသတ် နိုင်ခဲ့သည်။ ယခုပွဲတွင် အဓိက အဆုံးအဖြတ် ပေးသွားသည်က ခြေစွမ်းပိုင်း မဟုတ်ဘဲ နိုင်ပွဲဆာလောင်သည့် စိတ်ဓာတ်ပိုင်း ဖြစ်သည်။ ဇေယျာရွှေမြေကို ပို၍ ချီးကျူးစရာ ကောင်းသည်က အဓိက တိုက်စစ်သမား ဗစ်တာ၏ လောင်းရိပ်မှ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုပွဲတွင် ဇေယျာရွှေမြေ ရရှိသည့် ဂိုးနှစ်ဂိုးတွင် ဗစ်တာ၏ သွင်းဂိုး တစ်ဂိုးမှ မပါခဲ့။ နိုင်ဦးလွင်၊ ရန်နိုင်ဦးတို့က သွင်းပေးခဲ့ခြင်း ဖြစ်သည်။ မကွေးကတော့ စိတ်ဓာတ်ပိုင်း ခိုင်မာမှု အားနည်းနေပုံ ရသည်။ စောစောစီးစီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့ သော်လည်း အနိုင်ရလဒ်ကို ထိန်းထားနိုင်ခြင်း မရှိခဲ့။ မကွေး အနေဖြင့် ယခုပုံစံ အတိုင်း သွားလျှင် ရာသီကုန်၌ အဆင့်မြင့်မြင့်ရရေး ခက်ပါလိမ့်ဦးမည်။ ရလဒ်က ဇေယျာရွှေမြေ (၂-၁) မကွေး ဖြစ်သည်။
အခွင့်အရေး မယူနိုင်ခဲ့
အမှတ်ပေး ဇယားထိပ်ဆုံးမှ ရတနာပုံ သရေကျခဲ့မှုကို အခွင့်အရေး မယူနိုင်ခဲ့ သည်က ဟံသာဝတီ ဖြစ်သည်။ အမှတ်ပေးဇယား အောက်ဆုံးမှ ဆောက်သမ်းနှင့် တွေ့ရခြင်း ဖြစ်သော်လည်း အနိုင်မရ ခဲ့သည့် အတွက် ရတနာပုံကို အမှတ်တူဖြင့် ဖိအားပေးနိုင်မည့် အခွင့်အရေးကို လက်လွှတ် ခဲ့ရသည်။ ဆောက်သမ်း ကတော့ အမှတ်ပေးဇယား အပေါ်ပိုင်းမှ နှစ်သင်းကို ဆက်တိုက် သရေ ကစား နိုင်ခဲ့သဖြင့် ခြေစွမ်းတက်လာသည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် နိုင်ပွဲရရန် အတွက်မူ လိုအပ်နေဆဲပင်။ ဟံသာဝတီ ကတော့ နှစ်ပွဲဆက် သရေကျလိုက်သဖြင့် နစ်နာခဲ့ရသည်။ ခြေစွမ်းပိုင်း အရလည်း ထိုသရေပွဲ နှစ်ပွဲတွင် အနည်းငယ် ကျဆင်းလာသည်ဟု ထင်မြင်မိသည်။ ထိုပွဲတွင် ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။