ဂျပန် လေ့ကျင့်ရေးခရီးစဉ်အတွက် အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်
April 29, 2016AYA Bank Cup 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲအတွက် စပွန်ဆာစာချုပ် ချုပ်ဆိုပွဲ ပြုလုပ်
May 3, 2016ယနေ့ ညနေ ၅း၀၀ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် နိုင်ငံခြား ကစားသမား ညွန့်ပေါင်း အသင်းတို့ ခြေစမ်း ကစားခဲ့ကြရာ တစ်ဘက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ဆူဇူကီးဖလား အကြို ဖိတ်ခေါ်ဖလား ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် AYA Bank Cup 2016 ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့် နေသည့် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယခုပွဲတွင် ခြေစွမ်းကောင်းအချို့ ပြသနိုင်ခဲ့ပြီး အဆုံးသတ် အားနည်းမှုများ ကြောင့်သာ ယခုကဲ့သို့ သရေရလဒ် ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းတွင် ပွဲထွက် ဂိုးသမားအဖြစ် ကျော်ဇင်ဖြိုး၊ ဗဟိုခံစစ် အတွဲတွင် အောင်ဇော်နှင့် ဇော်မင်းထွန်း၊ ခံစစ်တောင်ပံ နှစ်ဘက်တွင် မျိုးကိုထွန်းနှင့် ဟိန်းသီဟဇော်၊ ကွင်းလယ်တွင် ရဲကိုဦးနှင့် ရန်အောင်ကျော်၊ တောင်ပံနှစ်ဘက်တွင် မောင်မောင်လွင်နှင့် ဒေးဗစ်ထန်တို့ ပွဲထွက် ပါဝင်ခဲ့ပြီး အောင်သူနှင့် ကျော်ကိုကိုတို့က မြန်မာအသင်း၏ တိုက်စစ်ကို ဦးဆောင် ခဲ့ကြသည်။ နိုင်ငံခြား ကစားသမား ညွန့်ပေါင်း အသင်းတွင် ဖာနန်ဒို(ဂိုး)၊ ဒွန်ဂို၊ မိုက်ကယ်၊ အီဗရာဟင်၊ ဟန်ဆန်၊ အဘူဘာကာ၊ ဂျူနီယာ၊ မက်ဆီမိုတိုကန်၊ ဘန်ဘာ၊ အိုင်ဗန်နှင့် ခရစ္စတိုဖာ တို့က ပွဲထွံက် ပါဝင်လာခဲ့သည်။
ယခုပွဲတွင် မြန်မာ အသင်းအနေဖြင့် နောက်မှ လိုက်ကစားကာ ချေပဂိုး ရယူခဲ့ရသည် ဆိုသော်လည်း ပုံစံကောင်းများကို ပြသနိုင်ခဲ့သည်။ အထူးသဖြင့် တိုက်စစ်နှင့် ကွင်းလယ်ပိုင်း ချိတ်ဆက်မှုများ ယခင်ပွဲများထက် ပိုမို အားကောင်းခဲ့ပြီး အခွင့်အရေး များစွာကို ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရသည်။ နည်းပြချုပ် ဂတ်ဆီဇီ အနေဖြင့် နောက်ပိုင်း မိနစ်များတွင် တိုက်စစ် အခင်းအကျင်း အသစ်ကို စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ထိုအခင်းအကျင်းက အကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့သည်ကို တွေ့ရသည်။ ခံစစ်ပိုင်း အနေဖြင့် အမှားအယွင်း ကြီးကြီးမားမား မရှိခဲ့သော်လည်း အားနည်းချက်များ ရှိနေခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် အမြင့်ဘောများ အားနည်းခဲ့သည်ကို တွေ့ရသည်။
နိုင်ငံခြား ကစားသမား ညွန့်ပေါင်း အသင်းအနေဖြင့် ပွဲချိန် ၂၈ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲကို ဦးဆောင် နိုင်ခဲ့သော်လည်း ပွဲချိန် ၈၇ မိနစ် အရောက်တွင် လူစားဝင် တိုက်စစ်မှူး ဝင်းနိုင်စိုးက ချေပဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ယခုပွဲတွင် မောင်မောင်လွင် အနေဖြင့် အခွင့်အရေး များစွာ ရရှိခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ပေ။ ပွဲချိန် ၂၆ မိနစ်တွင် ကျော်ကိုကို၏ ပြစ်ဒဏ်ဘော ကန်ချက် ဂိုးတိုင် ထိခဲ့ခြင်းကလည်း အသင်းအတွက် နစ်နာခဲ့ရသည်။ အလားတူပင် ပွဲချိန် ၇၅ မိနစ် နောက်ပိုင်းတွင် လူစားဝင် ကစားသမား ဆောင်လမန် အခွင့်အရေး နှစ်ကြိမ် ရခဲ့သော်လည်း ဂိုးမရခဲ့သောကြောင့် မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် သွင်းဂိုးများ နစ်နာခဲ့ရပြီး သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် မေလ ၂၈ ရက်တွင်လည်း AYA Bank Cup 2016 ပြိုင်ပွဲ၏ အကြိုပြင်ဆင်မှု အဖြစ် မလေးရှား လက်ရွေးစင် အသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ခြေစမ်း ကစားသွားဦးမည် ဖြစ်သည်။