
အကြိတ်အနယ် ကစားပြီး မြန်မာအသင်း၏ ခြေစမ်းပွဲ သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့
May 1, 2016
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအတွက် ဦးမျိုးလှိုင်ဝင်းကို နည်းပြချုပ် အဖြစ် ခန့်အပ်
May 5, 2016လာမည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးဖလား ဘောလုံး ပြိုင်ပွဲကြီး၏ အကြို ပြင်ဆင်မှု အဖြစ် နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ တစ်ရပ်ကို လာမည့် ဇွန်လဆန်းတွင် ကျင်းပသွားမည် ဖြစ်ရာ အဆိုပါ ဘောလုံး ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် Title Sponsor အဖြစ် ပံ့ပိုးပေးမည့် ဧရာဝတီဘဏ် လိမိတက်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂း၀၀ နာရီက ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားသို့ ဧရာဝတီဘဏ် လိမိတက်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဖြိုးအောင်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော်၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီဘဏ် အနေဖြင့် နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တစ်နှစ်လျှင် သိန်း ၃၀၀၀ ကျပ်ဖြင့် ၂၀၁၆၊ ၂၀၁၇ နှစ်နှစ်စာ ပံ့ပိုးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲကို လာမည့် ဇွန်လ ၃ ရက်မှ ၆ ရက်ထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး အိမ်ရှင် မြန်မာ့လက်ရွေးစင် အသင်းအပြင် ဟောင်ကောင်၊ စင်ကာပူနှင့် ဗီယက်နမ် လက်ရွေးစင် အသင်းများ လာရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲကို ဆီမီးဖိုင်နယ် အဆင့်မှ စတင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အနိုင်ရသည့် နှစ်သင်းက ဗိုလ်လုပွဲ ကစားရမည် ဖြစ်ကာ ကျန်နှစ်သင်းမှာ တတိယ လုပွဲ ကစားရမည် ဖြစ်သည်။
ဆုကြေးငွေ အဖြစ် ချန်ပီယံ အသင်းအတွက် အမေရိကန် ဒေါ်လာ ၂၀၀၀၀၊ ဒုတိယ ဆုရ အသင်း အတွက် အမေရိကန် ဒေါ်လာ ၁၀၀၀၀၊ တတိယ ဆုရ အသင်းအတွက် အမေရိကန် ဒေါ်လာ ၅၀၀၀ တို့ကို ဆုတံဆိပ်များနှင့် တကွ ပေးအပ်သွားမည် ဖြစ်သည်။
ယင်းပြိုင်ပွဲကို MRTV-4 ၊ For Sports၊ MRTV Free to Air စသည့် Channels များမှ တိုက်ရိုက် ပြသမည် ဖြစ်ပြီး ပွဲကြည့်လက်မှတ်ခကို အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားသည်။ လက်မှတ်များ စတင်ရောင်းချပေးမည့် ရက်ကို ကြိုတင် ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်သည်။
AYA Bank Cup 2016 ပွဲစဉ် ဇယား
