မြန်မာ့လက်ရွေးစင် အသင်း ပဏာမ ကစားသမား ၂၆ ဦး ရွေးချယ်
May 9, 2016PU အသင်း၏ အရှုံးကြောင့် ပွဲစဉ်မကုန်ခင် MIC အသင်း ချန်ပီယံ ဖြစ်လာခဲ့
May 11, 2016ဒူးအရွတ်ဆုတ်ပြဲ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ ရသည့် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ ငြိမ်းချမ်းအောင် သည် လေ့ကျင့်ရေး ကွင်းနှင့် တစ်နှစ်ကျော် ဝေးကွာနေခဲ့ ရာမှ ယမန်နေ့က ပထမဆုံး အဖြစ် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်သည်။
ငြိမ်းချမ်းအောင်သည် ယမန်နေ့ (မေ ၁၀) ညနေပိုင်းက ပြုလုပ်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် အသင်းနှင့်အတူ ပူးတွဲလေ့ကျင့်မှု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းအောင် အနေဖြင့် ဒဏ်ရာမှ သက်သာလာပြီးနောက် ကြံ့ခိုင်မှု အပြည့်အဝ ပြန်လည် ရရှိရန် အတွက် မြန်မာ့လက်ရွေးစင် အသင်း၏ ဆေးမှူးနှင့် အတူ အပေါ့စား လေ့ကျင့်ခန်းများ သီးသန့် ပြုလုပ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုကဲ့သို့ အသင်းနှင့် တွဲကာ လေ့ကျင့်ခန်းများ ပြန်လည် လုပ်ဆောင်ခြင်းမှာ တစ်နှစ်ကျော်ခန့် အတွင်း ပထမဆုံး ဖြစ်သည်။
ငြိမ်းချမ်းအောင် လေ့ကျင့်ခန်း ပြန်လည် ပြုလုပ်နိုင်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦးက “ကစားသမားက အရမ်းစိတ်အား ထက်သန်နေသလို ဒဏ်ရာကလည်း အခြေအနေ ကောင်းနေလို့ လေ့ကျင့်ခွင့် ပေးထားတာပါ။ ဒါပေမဲ့ လုံးဝပျောက်ကင်းဖို့တော့ အချိန်လိုပါသေးတယ်။ ငြိမ်းချမ်းအောင် အနေနဲ့ AYA Bank Cup 2016 ပြိုင်ပွဲမှာ ဝင်ကစားနိုင်မှာ မဟုတ်ပေမယ့် ဆူဇူကီးဖလားမှာတော့ ပါဝင်နိုင်မှာပါ။ လက်ရှိမှာတော့ သူရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း တိုးတက်မှု ရှိလာအောင် အဓိကထား လုပ်ပေးနေပါတယ်”ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းအောင်သည် ၂၀၁၅ ခုနှစ်က နယူးဇီလန် နိုင်ငံတွင် ကျင်းပခဲ့သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် ယူ-၂၀ အသင်း၏ အဓိက ကွင်းလယ်လူ ဖြစ်ခဲ့သော်လည်း အဆိုပါ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားတွင် တစ်ပွဲမှ ဝင်ကစားနိုင်ခြင်း မရှိခဲ့ပေ။
ထိုသို့ ဝင်ရောက် ကစားနိုင်ခြင်း မရှိခဲ့သော်လည်း မြန်မာအသင်း ကမ္ဘာ့ဖလားသို့ ဝင်ရောက်ခွင့် ရစေရန် အဓိက ကူညီခဲ့သူ တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရရေး အဆုံးအဖြတ် ဖြစ်သည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် ယူအေအီး အသင်းဘက်သို့ သွင်းယူခဲ့သည့် တစ်လုံး တည်းသော သမိုင်းဝင် သွင်းဂိုးကို ဖန်တီးပေးနိုင် ခဲ့သူ ဖြစ်သည်။