
ဗီယက်နမ် ဗိုလ်စွဲခဲ့သည့် AYA Bank Cup 2016 ဘောလုံးပြိုင်ပွဲ
June 6, 2016
၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်
June 9, 2016အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ပြိုင်ပွဲ အကြို ပြင်ဆင်မှု တစ်ရပ် အဖြစ် လာမည့် ဇူလိုင်လ (၉) ရက်နေ့တွင် ထိုင်းအမျိုးသမီး လက်ရွေးစင် အသင်းနှင့် မန္တလေးမြို့၌ ခြေစမ်း ကစား သွားမည် ဖြစ်သည်။
အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအကြို ပြင်ဆင်မှု ဖြစ်သည်နှင့် အညီ အဆိုပါ ခြေစမ်းပွဲကို ပြိုင်ပွဲ လက်ခံကျင်းပမည့် မန္တလာသီရိ ကွင်းကြီးတွင် ဇူလိုင် (၉) ရက် ညနေ ၅း၀၀ နာရီ၌ ကျင်းပသွားမည် ဖြစ်ပြီး လက်မှတ်ခများကို အထူးတန်း ၂၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားသည်။
အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ် ရယူထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ထိုင်း၊ ဗီယက်နမ် အသင်းများနှင့် ပူးတွဲ ရပ်တည်နေသည့် မြန်မာအမျိုးသမီး အသင်းအနေဖြင့် နောက်ဆုံး လေးနှစ်တွင် ဗိုလ်လုပွဲ အဆင့်သို့ သုံးကြိမ်ထိ တက်လှမ်း နိုင်ခဲ့သော်လည်း ဒုတိယဆုများ နှင့်သာ ကျေနပ်ခဲ့ရသောကြောင့် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ယခုတစ်ကြိမ် ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ရေး အတွက် အစွမ်းကုန် အားထည့် ပြင်ဆင်လျှက် ရှိသည်။
သို့ဖြစ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအနေဖြင့် ပြီးခဲ့သည့် မေလ ၅ ရက်မှ ၂၅ ရက်ထိ ဂျပန်နိုင်ငံသို့ သွားရောက် လေ့ကျင့်ကာ ခြေစမ်းပွဲများ ကစားခဲ့သလို ကမ္ဘာ့အဆင့် အသင်းကောင်း တစ်သင်းဖြစ်သည့် တောင်ကိုရီးယား အသင်းနှင့်လည်း ပြီးခဲ့သည့် ဇွန် ၄ ရက်၊ ၇ ရက်များက ခြေစမ်းပွဲများ ကစားခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ခြေစမ်းပွဲ ကစားပြီးပါက နိုင်ငံတကာ ခြေစမ်းပွဲများ ထပ်မံ ကစားတော့မည် မဟုတ်ပဲ ပြိုင်ပွဲအတွက်သာ အာရုံစိုက် ပြင်ဆင်သွားမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံများရှိ အမျိုးသမီး လက်ရွေးစင် အသင်း ၈ သင်း ပါဝင် ယှဉ်ပြိုင်မည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ (AFF Women’s Championship 2016) ကို ဇူလိုင် ၂၄ မှ သြဂုတ် ၄ ရက်ထိ မန္တလေးမြို့ရှိ မန္တလာသီရိ ကွင်းကြီးတွင် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။