တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၄)နှစ်အောက် လူငယ်ပြိုင်ပွဲ ညှိနှိုင်းအစည်းအဝေး ကျင်းပ
July 3, 2016MFF MAIN SPONSOR အဖြစ် MBL နှင့် (၅)နှစ်တာ စာချုပ် ချုပ်ဆို
July 6, 2016လာမည့် ဇူလိုင် ၆ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပမည့် ကမ္ဘောဒီးယား ယူ-၁၆ အသင်းနှင့် မြန်မာ ယူ-၁၆ အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲနှင့် ပွဲအကြို ညှိနှိုင်းအစည်းအဝေး တို့ကို ယနေ့ နံနက်ပိုင်းက ခြေစမ်းပွဲ ကျင်းပမည့် အမျိုးသား National Olympic Stadium တွင် ပြုလုပ်ခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲသို့ နှစ်ဘက် အသင်း နည်းပြများတက်ရောက် ခဲ့ကြပြီး ကမ္ဘောဒီးယား ပြည်တွင်း မီဒီယာများ တက်ရောက် သတင်းရယူ ခဲ့ကြသည်။
မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ် ဦးညီညီလတ်က ကမ္ဘောဒီးယား ပြည်တွင်း မီဒီယာများ၏ မေးမြန်းမှုများ အပေါ် ပြန်လည် ဖြေကြားရာ၌ ကမ္ဘောဒီးယားနှင့် ခြေစမ်းပွဲတွင် အတောင့်တင်းဆုံး လူစာရင်းနှင့် ပွဲထွက်ကာ အကောင်းဆုံး ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
“ကမ္ဘောဒီးယားနဲ့ ခြေစမ်းပွဲက ကျွန်တော့် ကစားသမားတွေအတွက် လိုအပ်နေတဲ့ နိုင်ငံတကာ ခြေစမ်းပွဲ တစ်ပွဲဖြစ်တာကြောင့် သူတို့တွေ အတွက် အတွေ့အကြုံ အများကြီး ရမှာပါ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားမှာ ဖြစ်လို့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။ ဒီခြေစမ်းပွဲဟာ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကြီး မတိုင်မီ နောက်ဆုံး ခြေစမ်းပွဲ ဖြစ်လို့ တစ်ကယ့် ပြိုင်ပွဲမှာ ပြိုင်မယ့်အတိုင်း အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ပြီး အကောင်းဆုံး ယှဉ်ပြိုင် ကစားသွားမှာပါ။ မနှစ်က ဒုတိယ ရခဲ့တဲ့ အသင်းနဲ့ လက်ရှိ အသင်းကို မနှိုင်းယှဉ် ချင်ပါဘူး။ ရရှိထားတဲ့ ပြင်ဆင်ချိန်တွေကို အကောင်းဆုံး အသုံးချပြီး ပြိုင်ပွဲအတွက် သေချာ ပြင်ဆင်ထား ပါတယ်”ဟု ဦးညီညီလတ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် ဇူလိုင် ၆ ရက် ဒေသ စံတော်ချိန် ညနေ ရး၀၀ နာရီတွင် National Olympic Stadium ကြီး၌ ကျင်းပသွားမည် ဖြစ်သည်။ ယင်းပွဲစဉ်ကို ကမ္ဘောဒီးယား ပြည်တွင်း ရုပ်သံလိုင်း ဖြစ်သည့် MY TV မှ တိုက်ရိုက် ပြသမည် ဖြစ်သည်။