AFF Myanmar Futsal Club Championship တွင် ထိုင်းပေါ့စ်အသင်းနှင့် ဂျာရာအသင်းတို့ ဗိုလ်စွဲ
July 16, 2016AFF MYANMAR Women’s Championship 2016 ပွဲကြိုသတင်းစာရှင်းလင်းပွဲ
July 25, 2016မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ကကြီးမှူးကျင်းပသည့် ၂၀၁၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၄)နှစ် အောက်ပြိုင်ပွဲ MFF U14 100 PLUS SUPER CUP 2016 ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ဇူလိုင် (၂၈)ရက်နေ့ ညနေ(၃း၀၀)နာရီက MFF မြက်ခင်းတုကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်း အသင်းက မန္တလေးတိုင်း အသင်းကို ပင်နယ်တီ အဆုံးဖြတ်ဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားခဲ့သည်။ အဆိုပါ ပွဲစဉ်များသည် အသက် (၁၄)နှစ်အောက် ပြိုင်ပွဲများ ဖြစ်၍ ပထမပိုင်း (၃၅)မိနစ်၊ ဒုတိယပိုင်း (၃၅)မိနစ်စီ ယှဉ်ပြိုင် ကစားရခြင်းဖြစ်ပြီး သာမန်ပွဲကစားချိန် အတွင်း နှစ်သင်းစလုံး (၁-၁)ဂိုး သရေဖြစ်နေ၍ အချိန်ပို (၁၅)မိနစ်စီ ဆက်လက်ယှဉ်ပြိုင် ခဲ့ရသည်။ အချိန်ပိုတွင်လည်း ဂိုးသွင်းယူနိုင်ကြခြင်း မရှိ၍ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ ရန်ကုန်တိုင်း ဒေသကြီး အသင်းက (၄-၃)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။ တတိယ နေရာလုပွဲတွင်မူ ပဲခူးက နေပြည်တော်ကို (၅-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လုပွဲပြီးနောက် သီးခြားအစီအစဉ် တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပညာရေး ဝန်ကြီးဌာန ပြည်ထေထာင်စု ဝန်ကြီးထံသို့ ကျောင်းသားလူငယ်များ ဘောလုံး ကစားရန် အတွက် ဘောလုံး အလုံးရေ (၁၀၀၀) ပေးအပ် လှူဒါန်းခဲ့သည်။ ယင်းနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ပထမဆု ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အသင်းအား ချန်ပီယံ ဆုဖလား၊ တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ်သိန်း (၂၀)ကို ပညာရေး ဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပေးအပ်ချီးမြှင့်ခဲ့သည်။
ဒုတိယဆု ဆွတ်ခူးခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ဆုကြေး ကျပ်(၁၀)သိန်းနှင့် တတိယဆု ရရှိသည့် ပဲခူးတိုင်း ဒေသကြီး အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်နှင့် ဆုကြေး ကျပ်(၅)သိန်း ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ပြိုင်ပွဲတစ်လျှောက် တစ်ဦးချင်း အကောင်းဆုံး ဆုများကိုလည်း ပေးအပ်ခဲ့ရာ အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့သည့် မန္တလေးတိုင်း အသင်းဂိုးသမား ဟန်လင်းဦးအား အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးစိုးအောင်က လည်းကောင်း၊ နောက်တန်း အကောင်းဆုံးဆု ရရှိခဲ့သည့် ရန်ကုန်တိုင်း နောက်ခံ လူ မောင်ကောင်းအား 100 PLUS မစ္စတာ ဂျိမ်းစ်က လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းဆု ရရှိခဲ့သည့် မန္တလေးတိုင်း အသင်းမှ စောအယ်လင်းအား ရန်ကုန်တိုင်း ဒေသကြီး ပညာရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာလင်းမှ လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းဆု ရရှိခဲ့သည့် ဧရာဝတီ တိုင်းအသင်းမှ စိုင်းမင်းဖြိုးအား 100 PLUS မှ မစ္စတာ ဖရက်ဒီ မှလည်းကောင်း၊ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် ရန်ကုန်တိုင်း အသင်းမှ ကောင်းထက်လွင် အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် ဦးမိုးဆန်းအောင်မှ လည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။
MFF U14 100 PLUS SUPER CUP 2016 ပြိုင်ပွဲအား ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းပေါင်း (၁၇)သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ပြိုင်ပွဲအား ပညာရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ် ကျင်းပခြင်းဖြစ်၍ ပြိုင်ပွဲဝင် အသင်းများမှာ တိုင်းနှင့်ပြည်နယ် ဒေသ အသီးသီးမှ ကျောင်းသား လူငယ်များ ဖြစ်ကြသည်။